တနိုင်းဒေသမူးယစ်ဆေး သုံးစွဲမှု ပိုများလာသော်လည်း အရေးယူသူမရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဟူးကောင်း-တနိုင်း ဒေသ အတွင်း မူးယစ်ဆေး ရောင်းဝယ် သုံးစွဲမှုများ ပိုများလာပြီး လူငယ်အများစုက သုံးစွဲနေကြသော်လည်း အရေးယူ မည့်သူများ မရှိဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ ဟူးကောင်းဒေသဟု ခေါ်သည့် တနိုင်းမြို့နယ်ထဲ ဘိန်းဖြူ၊ ရာမနှင့် အခြားသော မူးယစ်ဆေး အမျိုးမျိုးကို ဆိုင်းဘုတ်တင် မရောင်းရုံလေး ပေါ်ပေါ်တင်တင်ရောင်းဝယ်နေကြသည်ဟု တနိုင်းဒေသခံ အမျိုး သားတစ်ဦးက ပြောသည်။

“အခုက ဘာတွေဖြစ်လဲဆိုရင် ဆေးခြောက်တွေ ပြောရမှာပေါ့။ နံပါတ်ဖိုးတို့၊ ဘိန်းဖြူတို့၊ ရာမတို့ အဲ့ဒါတွေက အရမ်းများလာတာ ဟုတ်တယ်။ အဲ့ဒါတွေက တအားထိုးဝင်လာပြီးမှ ဆိုင်းဘုတ်ကပ်ပြီးမှ မရောင်းရုံတမယ်ပါ ပဲ။”

တနိုင်းမြို့နယ်အတွင်းက လူငယ်အများစုမှာ မူးယစ်ဆေးများကို သုံးစွဲနေပြီး အသက်အရွယ်အားဖြင့် ၁၄-၁၅ နှစ် အရွယ် ၉ တန်း၊ ဆယ်တန်းကျောင်းသားလေးများအပြင် လူကြီးပိုင်းများအထိ မူးယစ်ဆေးကို အလွန်အကျွံ သုံး စွဲနေကြခြင်း ဖြစ်သည်ဟုဆိုသည်။ ထိုသို့သော အခြေအနေများကြောင့် မိဘများက စိုးရိမ်နေကြသည်။

“လူငယ်တွေလည်း ဆေးစွဲတဲ့လူငယ်တွေအများကြီး ရှိလာတာပေါ့။ ပိုဆိုးတာကတော့ ဒီ ကိုဗစ်ကာလမှာ အလုပ်လက်မဲ့ဖြစ်သွားတာကြောင့် စိတ်ထွက်ပေါက်မရှိလို့ လူငယ်တွေကလည်း အဲ့ဘက်ကို ပိုပြီးမှ အပေါင်း အဖော်တွေနဲ့ ဖြစ်သွားတယ်ထင်တယ်။ အဲ့လိုမျိုးလေ။ ပိုပြီးမှ အဲ့ဘက်ကို အာရုံရှိသွားတဲ့ သဘောရှိတယ်။ အလုပ်အကိုင်က ဘာမှမရှိတာကိုး။ အဲ့လိုမျိုးတွေပေါ့နော်။ ဘာမှလည်း လုပ်လို့မရ ဒီမှာက ပယင်းတူးတာနဲ့ ရွှေတူးတာပဲ ရှိတာ။ အဲ့ဒါကျတော့လည်း တချို့လူငယ်တွေက သွားဖို့ အဆင်မပြေဘူး။”

ဒေသအတွင်း COIVD-19 ရောဂါ စတင်ဖြစ်ပွားချိန်မှ ယခု စစ်အာဏာသိမ်းလိုက်သည့် ကာလအတွင်း လူငယ် အများစုမှာ အလုပ်လက်မဲ့ဖြစ်ကုန်ရာမှ မူးယစ်ဆေးသုံးစွဲမှုနှုန်းက ပိုများလာခြင်း ဖြစ်သည်ဟု ဆိုသည်။ တနိုင်းဒေသက လူငယ် ၁၀ ဦးတွင် ၇ ဦးခန့်မှာ မူးယစ်ဆေးစွဲနေကြသည်ဟု မြို့မိမြို့ဖများက ပြောသည်။

COVID-19 မဖြစ်ခင် အချိန်ကာလများကဲ့သို့ ဒေသအတွင်းရှိ ပတ်ဂျဆန် (PJS) ဟုခေါ်သည့် ကချင်လူထု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၊ သုံးစွဲသူများကို ဖမ်းဆီးထိန်းသိမ်းပြီး ဆေးဖြတ်ပေးခြင်းမျိုးတို့ကို မလုပ်နိုင်တော့ ဟု ဆိုသည်။

လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ အရလည်း အဆိုပါ လုပ်ငန်းများကို လူထုက ဦးဆောင် ကာ လုပ်ကိုင်ရန် ခက်ခဲသည်ဟု မြို့ခံ ရပ်မိရပ်ဖတစ်ဦး က ပြောပါတယ်။

“ဘုရားကျောင်းတို့ ဘာတို့မှာ တတ်နိုင်သလောက်ပေါ့ တပိုင်တနိုင်ပေါ့ ဖြတ်ချင်တယ်ဆိုတဲ့လူတွေကို ဖြတ်ပေး တာတို့၊ နောက်ပြီးတော့ သူတို့ကတော့ အသင်းတော်အနေနဲ့ကတော့ အသက်ငယ်တဲ့လူတွေကို နည်းနည်း ဂျန်န ရေးရှင်း အသစ်တွေကိုပဲ ပညာပေးပေါ့နော် အဲ့ဒါကိုပဲ အားစိုက်ပြီးမှ လုပ်တာ။ အဲ့ဒီ ဖမ်းတာဆီးတာ ထိန်းတာ သိမ်းတာ လောလောဆယ်က နိုင်ငံရေးအရ လုပ်လို့ အဆင်မပြေဘူးပေါ့။ အဲ့ဒါတွေ မလုပ်ပဲနဲ့ လူငယ်ပိုင်းကို အမြင်ဖွင့်တဲ့ အပိုင်းကို လုပ်နေကြတာ။”

တနိုင်းမြို့နယ်ထဲ အပြင် လီဒိုလမ်းမကြီးပေါ်က ယုဇန ကုမ္ပဏီဝန်းထဲတွင်လည်း မိုးကာတဲများ ဆောက်ပြီး မူး ယစ်ဆေးကို ပေါ်ပေါ်တင်တင် ရောင်းဝယ် သုံးစွဲနေကြသည်ဟု ဒေသခံများက ပြောသည်။ ဆေးသမားများ ရှိနေသည့်အတွက် လမ်းသွားလမ်းလာ ပြည်သူများအနေဖြင့်လည်း လုံခြုံရေးပိုင်း စိတ်ပူနေကြသည်။

နေ့စဉ် အဆိုပါ ယုဇန ကုမ္ပဏီဝန်းထဲတွင် မူးယစ်ဆေးသုံးစွဲနေသူ လူငယ် ၂၀၀ ဝန်းကျင်ခန့် ရှိနေပြီး မည်သည့် အာဏာပိုင် မည်သည့် အုပ်ချုပ်ရေး တာဝန်ရှိသူများကမှ အရေးယူဖမ်းဆီးခြင်းမျိုး မရှိသေးဘူးဟု ဆိုကြသည်။

ဓါတ်ပုံ – ပုံဟောင်း