စစ်ကောင်စီက ရှမ်းမြောက် စစ်ရှောင်များနေရပ်ပြန်ရန် ဖိအားပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ရှောင်များကို နေရပ်ပြန်ကြဖို့ စစ်ကောင်စီက ဖိအားပေးပြောဆိုလာခြင်းကြောင့် စစ်ရှောင်များ အခက်တွေ့နေကြသည်။

နမ္မတူ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မန်တုံ၊ နမ့်ခမ်း အစရှိသည့် ရှမ်းမြောက်က မြို့များတွင် နှစ်ချီနေရပ်စွန့်ခွာ စစ်ရှောင် လာသူများကို စစ်ရှောင်စခန်းများ ဖြတ်သိမ်းပြီး နေရပ်ပြန်ကြဖို့ ဖိအားပေးလာခြင်း ဖြစ်သည်ဟု နမ္မတူမြို့နယ်ထဲ စစ်ရှောင်အမျိုးသမီးတစ်ဦး က ပြောသည်။

“အခုက မိမိမူရင်းဒေသမှာလည်း ငြိမ်းချမ်းမှုဆိုတာကတော့ ရှိတော့မရှိဘူးပေါ့။ အခုက နိုင်ငံတော် အစိုးရက နေလည်း စခန်းပိတ်သိမ်းဖို့လည်း ပြောလာတယ်ဆိုတော့ အဲ့လိုမျိုးတွန်းအားပေးမှုလည်း ရှိတယ်ပေါ့။ အဲ့ဒါ ကြောင့် ကိုယ့်ရှေ့ရေးအတွက် ကိုယ့်ဟာကို ဖြေရှင်းသွားကြတာ။ သူတို့ကလည်း စခန်းကို ပိတ်သိမ်းတော့မယ် မိမိနေရပ် ကို ပြန်လို့ရပြီဆိုတာမျိုးပေါ့။ သူတို့လည်း အဲ့လိုမျိုး ဖိအားပေးတာမျိုးရှိတယ်ပေါ့။”

နမ္မတူမြို့က ကချစ်စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များ နေရပ်ပြန်ရေး အဆင်မပြေသေးသော်လည်း ယခုကဲ့သို့ နေရပ်ပြန်ခိုင်းနေသည့် အတွက် ၂၀၂၃ ခုနှစ်ထဲတွင် လုံခြုံရေးပိုင်း စိတ်မချရသေးသော်လည်း နေရပ်ပြန်ရမည့် အနေအထားမျိုး ဖြစ်နေသည်ဟု စစ်ဘေရှောင် ပြည်သူများက ပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလကတည်းက ကွတ်ခိုင်မြို့ကို စစ်ဘေးရှောင်လာသည့် ဦးနောင်လတ်ကလည်း ၎င်းတို့၏ နေရပ်ရင်းကျေးရွာကို ပြန်ဖို့က မဖြစ်နိုင်သေးဘူးဟု ပြောသည်။

“အခုချိန်ထိတော့ မြို့ကနေ တပ်မတောတွေ ကျနော်တို့ရွာကို ရောက်လာရင်တော့ စီးပွားရေးတွေပျက်လိုက် အဲ့ လိုမျိုးလေ။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့ Camp မှာကတော့ လူဦးရေ က တော့ ၁၀၀၀ ကျော်တယ်ပေါ့နော်။ အခုက Camp မှာ ဆက်နေဖို့ကလည်း အဆင်မပြေဖြစ်နေကြတယ်။ အများပိုင်းကတော့ တခြားနေရာမှာ ရွှေ့ပြောင်းနေဖို့တွေ စဉ်းစားလာကြတာပေါ့။”

လက်ရှိ စစ်ရှောင်အချို့ နေထိုင် နေကြရသည့်နေရာများမှာ သာသာပိုင်နယ်မြေများ ဖြစ်သည့်အတွက် ဆယ်စုနှစ် တခုကို ကျော်လာသည့်အခါ ရွှေ့ပြောင်းပေးရမည့် အခြေအနေမျိုးလည်း ရှိနေသည်ဟု ကွတ်ခိုင်မြို့က စစ်ရှောင် အမျိုးသမီး တစ်ဦးက ယခုကဲ့သို့ ဆက်ပြောသည်။

“အဲ့မှာကျတော့ အမြဲတမ်းနေဖို့လည်း မဟုတ်ဘူးလေ။ အဲ့ဒါက သာသနာနယ်မြေလေဆိုတော့ တနေ့နေ့တော့ ပြန်ရမှာပဲလေ။ အဲ့ဒီနေရာက စစ်အတွက်တော့ လုံခြုံပေမယ့် သူတို့နေရာဆိုပြီးတော့ လွတ်လွတ်လပ်လပ်နေလို့ မရဘူးပေါ့။ အဖွဲ့အစည်းနဲ့နေတယ် အဲ့လိုဆိုတော့ ပြန်မယ်ဆိုတဲ့ဟာတော့ အမြဲတမ်းတော့ သူတို့တင်ပြထားပါ တယ်။ မနှစ်တုန်းကလည်း ပြန်ဖို့ဆိုပြီး တင်ထားပေမယ့် အာဏာသိမ်းလိုက်တဲ့အခါမှာ ရည်ရွယ်ချက်တွေ အကုန်လုံး ပြန်ပြောင်းသွားပေါ့နော်။”

နေရပ်ကို ပြန်ရန်အတွက် အချို့စစ်ရှောင်များက မူရင်းရပ်ရွာများတွင် လုံခြံရေးပိုင်း စိတ်မချရသေးဘူးဟု ဆို သည်။ စစ်ရှောင်အချို့ကို စစ်ကောင်စီက နေရပ်ပြန်ကြရန်၊ စစ်ရှောင်စခန်းများ ဖြတ်သိမ်းရန်နှင့် ပိတ်သိမ်းရန် ပြောဆိုလာသည့်အတွက် အချို့ စစ်ရှောင်များမှာ လက်ရှိနေ နေကြသည့် စစ်ရှောင်စခန်းများမှ ပြင်ပတွင် အိမ် ငှားရမ်းကာ သွားနေသူများပင် ရှိနေလာနေပြီဟု ဆိုကြသည်။

ရှမ်းမြောက်ရှိ စစ်ရှောင်စခန်းများကို ဖျက်သိမ်းရန် စစ်ကောင်စီက ဖိအားပေး ပြောဆိုလာမှုများ ရှိနေသည့် အပြင် စစ်ရှောင် စခန်းအချို့မှာ စားနပ်ရိက္ခာထောက်ပံ့ပေးထားမှုများ လျှော့ချခံရခြင်း၊ ယခင်ပေးနေသည့် အကူ အညီများ မရတော့ခြင်းများ အပြင် အပြင်အလုပ်ထွက်လုပ်ကြရန်လည်း ဒေသတွင်း အလုပ်အကိုင် ရှားပါးမှု များကြောင့် ခက်ခက်ခဲခဲ ဖြတ်သန်းနေကြရသည်ဟု စစ်ရှောင်များက ပြောသည်။

ဓါတ်ပုံ – ပုံဟောင်း