ရွှေတူးမှုကြောင့် ဧရာဝတီ မြစ်လယ် သောင်ထွန်း၊ ရေလမ်းပြောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်။
ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်လယ်အထိ ရွှေတူးဖော်နေမှုများကြောင့် မြစ်လယ်တွင် သောင်ထွန်းသည့် အခြေအနေများပင် ဖြစ်နေပြီဟု ဒေသခံများက ပြောသည်။
ထိုသို့ တူးဖော်မှုကြောင့် ဧရာဝတီမြစ်ထဲတွင် သဲသောင်ပြင် ဧရိယာပိုမို ကျယ်ပြန့်လာပြီး ရေလမ်းကြောင်း ပြောင်းလဲမှုများရှိလာသည် ဟု ဒေသအတွင်းက ကချင်ပြည်သူ တစ်ဦးက ပြောသည်။
“ဟိုဘက် ဒီဘက် ကူးလို့တောင် ရမလို ဖြစ်နေတယ်။ ဧရာဝတီ မြစ်ကလေ အဲလိုမျိုးတောင် ဖြစ်သွားတယ်။ အဲ့ တာက ဘာကြောင့်လဲဆိုရင် ရွှေတူးတာများလို့ သဲသောင်ပြင်တွေများသွားတယ်။ ရေလမ်းကြောင်းတွေ လွှဲ သွားတယ်။”
လက်ရှိမှာ ဗလမင်းထင်မြစ်ကူးတံတား အထက်ရှိ ဧရာဝတီ မြစ်ရိုးတစ်လျှောက်နှင့် မြစ်ဆုံအထက် မလိခချောင်း နေရာများတွင် လုပ်ငန်းရှင်များက စက်ကြီးများနှင့် နေ့ညမပျက် ရွှေတူးဖော်မှုများကို လုပ်ဆောင် နေ ကြခြင်း ဖြစ်သည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။
စစ်တပ်က အာဏာမသိမ်းခင်အချိန်တွင် ဧရာဝတီမြစ်ရိုးတစ်လျှောက် ရွှေတူးဖော်မှုများ ရှိခဲ့သော်လည်း ယခု လောက် မဆိုးရွားခဲ့ပေ။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် စက်ယန္တရားကြီးများနှင့် တရားမဝင် ရွှေတူးဖော်မှုမှာ ပိုမိုများပြား လာပြီး ပူတာအို၊ ဆွမ်ပရာဘွမ် အစရှိသည့် ဒေသများအထိ ရွှေတူးဖော်မှုများရှိလာသည်ဟု ဒေသခံများက ပြော သည်။
“ဒီ ၂၀၂၁ ခုနှစ် နောက်ပိုင်း အာဏာသိမ်းပြီး နောက်ပိုင်းကြတော့ အဲလိုမဟုတော့ဘူး။ ကြိုက်သလို လုပ်နေကြ တယ်။ မြစ်ကမ်းနံဘေးရော၊ ကုန်းရော၊ မြေပြန့်ရော၊ မြစ်ချောင်း အင်းအိုင် အကုန်လုံး မကျန်တော့ဘူး။ ပိုပြီး မှ ဆိုးဆိုးလာတယ်။ ဒီယန္တရားကြီးတွေနဲ့ တူးတာကတော့ ပိုပြီးတောမှ ဆိုးလာတယ်။ မြစ်ဆုံရဲ့ အထက်နားမှာ။ ရက်ရက်စက်စက်ကို တူးတာ။ ရက်ရက်စက်စက်ကို တူးတာ ဆိုတာက backhole တွေ စက်ယန္တရားတွေနဲ့ ဒီက လူတွေတောင် မမြင်ဖူးဘူး။ အရမ်းကြီးမားတဲ့ စက်တွေနဲ့ အဲလိုမျိုးတူးနေကြတယ်။”
ရွှေတူးဖော်မှုကြောင့် ဧရာဝတီ မြစ်ရေ ခမ်းခြောက်လာနေသည့်အပြင် ရေအရောင်ပါ ပြောင်းလာသည့်အတွက် မြစ်ကို အမှီပြုကာ ရှာဖွေစားသောက်နေကြသည့် ဒေသခံများအတွက် အခက်အခဲကို ပိုဖြစ်စေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အရှေ့ပိုင်းတွင် ပြည်သူများအနေဖြင့် ဧရာဝတီမြစ်ထဲတွင် ငါးရှာခြင်းအပြင် မြစ်ကမ်း ဘေးတွင်လည်း စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ခြင်းနှင့် မြစ်ဆုံအထက်က ဒေသခံများသည် သောက်သုံး ရေအဖြစ်ပင် အသုံးပြုခဲ့ကြသော်လည်း ယခုအခါမှာ အလွန်အကျွံ ရွှေတူးဖော်နေမှုများကြောင့် မြစ်ရေ ခမ်း ခြောက်မှုနှင့် ရေအရောင် ပြောင်းလဲလာခြင်းကြောင့် အသုံးပြု၍ မရတော့ဘူးဟု ရွာသားများက ပြောသည်။
ထို့အပြင် ဒေသခံ ရွာသားများအနေဖြင် အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှုများကို စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ကောင်စီ တာဝန်ရှိသူများ၊ ဒေသအတွင်းရှိ KIO/KIA ကဲ့သို့သော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို တိုင် ကြားမှုများ လုပ်ဆောင်ရခဲ့ကြောင့်လည်း မည်သူကမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိခဲ့ဘူးဟု ပြောသည်။
ထို့ကြောင့် မြန်မာတနိုင်ငံလုံးအတွက် အရေးကြီးလှသည့် ဧရာဝတီမြစ်အစပြုရာ မြစ်ဆုံဒေသနှင့် မြစ်ရိုး တလျှောက်က တရားမဝင်ရွှေတူးဖော်မှုများနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကို တိုင် ကြားရမည် အားကိုးမရမည်ပင် မသိတော့ဘူးဟု ဆိုကြသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် တရားမဝင် ရွေတူးဖော်မှုများ ပိုမိုများပြားလာပြီး ရွှေတူးဖော်သူ အများစုသည်လည်း စစ်ကောင်စီ လက်အောက်ခံ သက်ဆိုင်ဌာနဆိုင်ရာ၏ ခွင့်ပြုချက်ကို ရယူလုပ်ဆောင်နေသကဲ့သို့ အချို့မှာ ဒေသ တွင်းက အာဏာရှိသူများ၏ ခွင့်ပြုချက်ကို ရယူလုပ်ဆောင်မှုများရှိသည်ဟု ဆိုသည်။ ကချင်လူမျိုး လုပ်ငန်းရှင် များကပင် ရွှေတူးဖော်မှုတွင် အဓိက ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများက ဆိုသည်။
မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု တစ်နိုင်ငံလုံးက သတ်မှတ်ထားသော ဧရာဝတီမြစ်၊ မြစ်အထက်ပိုင်းနှင့် မြစ်ရိုးတစ်လျှောက်တွင် ရွှေတူးဖော်မှု ပိုမိုများပြားလာပြီး ယခုကဲ့သို့ ဆက်လက်တူးဖော်နေမည်ဆိုပါက မြစ်ဆုံ အပါအဝင် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက် နေထိုင်သော ပြည်သူများ၏ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးကာ အိုးမဲ့အိမ်မဲ့ ဖြစ်နိုင်သည့်အပြင် မြစ်ရေပါ ခမ်းခြောက်သွားနိုင်သည့် အတွက် ဒေသခံများက စိုးရိမ်နေကြသည်။
ဓါတ်ပုံ – Hawng Ze