ငါးမွေးသူတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်။

ထားဝယ် -လောင်းလုံးကားလမ်းမဘေးတွင် ငါးမွေးမြူရေး လုပ်ကိုင်သူတစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး နေဟု ဒေသခံများက ပြောသည်။

သေဆုံးနေသူမှာ လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက် မှ ဦးမင်းအောင် အသက် ၄၀ နှစ် ဆိုသူဖြစ်ပြီး ငါးရောင်းပြီး အပြန်တွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက “သေနတ်သံကတော့ လေးငါးချက်ဆက်တိုက် ကြားလိုက်ရတယ်။ ဖြစ်တဲ့နေရာက ရွာထိပ်မှာဆိုတော့ လူသွား လူလာလည်း ပြတ်တယ်။ သူကဆိုင်ကယ်တစ်စီးနဲ့ သွားလာနေတတ် တယ်။ ရွာသားတွေ အပြေးအလွှား သွားကြည့်ပြီး ပြန်လာပြောမှ ဘယ်သူဘယ်ဝါဆိုတာ သိရတယ်” ဟု ပြော သည်။

မေလ ၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် မင်းရပ်ကျေးရွာ ဆိုင်းဘုတ်အနီးတွင် ပစ်သတ်ခံထားရခြင်း ဖြစ် သည်။

မင်းရပ်ကျေးရွာ ဆိုင်းဘုတ်အနီး လမ်းမနံဘေး၌ ဦးခေါင်းနှင့် မျက်နှာတို့တွင် ကျည်ထိမှန်ဒဏ်ရာ ၄ ချက် ရရှိထား ပြီး လဲကျနေသည့် ဆိုင်ကယ်နံဘေးတွင် မှောက်လျက် အနေအထားဖြင့် သေဆုံးနေသည်ကို လမ်းသွားလမ်းလာ ရွာသားများက တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဦးမင်းအောင်ရဲ့အလောင်းကို ပစ်သတ်ခံရပြီး တစ်နာရီခန့်အကြာတွင် အရေးပေါ်လူနာတင်ကားဖြင့် ထားဝယ်မြို့ ဘက်ကို သယ်ဆောင်သွားကြသည်ဟု ရွာသားများက ဆိုသည်။

သေဆုံးသူ ဦးမင်းအောင်သည် ပျူစောထီး အဖွဲ့ဝင်များနှင့် အတူသွားလာလေ့ရှိပြီး စစ်ကောင်စီထံ သတင်းပေး ပြုလုပ်နေသည်ဟု ရပ်ရွာအနီးတဝိုက်တွင် သတင်းထွက်နေတဲ့သူလည်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၂၉ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ် (ဃ)ရပ်ကွက်မှ ပျူစောထီးအဖွဲ့ဝင် ကိုမင်းဝါ ဆိုသူမှာလည်း မင်္ဂလာဆောင် ဆွမ်းကျွေးပွဲ တစ်ခုတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။