ဘီးလင်း ရဲစခန်း ၂ ခု တိုက်ခိုက်ခံရ၊ ရဲ နှစ်ဦး သေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကရဲစခန်းနှင့် တောင်စွန်းရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး သွားသည်။

ဘီးလင်းမြို့နယ်၊ ဝင်းကရဲစခန်းကို မေလ ၆ ရက်နေ့၊ မွန်းလွှဲ ၂ နာရီခွဲ ဝန်းကျင် အချိန်ခန့်က ကျိုက်ထို တော်လှန် ရေးအင်အားစု KRF၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-KD၊ PDF၊ TPDF၊ ကျိုက်ထို(ပကဖ)နှင့် ဘီးလင်း (ပကဖ) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “ရဲစခန်းတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်မှား ရဲတွေသေဆုံးသွားတာရှိတယ်လို့ ပြောနေကြပေမယ့်၊ အခြေအနေ အသေးစိတ်ကိုတော့ ကျနော်တို့လည်း မသိဘူး” ဟု ပြောသည်။

ရဲတိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားသည်ဟု ကျိုက်ထို တော် လှန်ရေး အင်အားစုဘက်က ထုတ်ပြန်ထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဝင်းကရဲစခန်းကို အချိန် ၂၆ မိနစ်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF က ထုတ်ပြန်ထားသည်။

ထို့အပြင် မေလ ၆ ရက်နေ့၊ မွန်းလွှဲ ၂ နာရီ၊ ၄၆ မိနစ်အချိန်ခန့်ကလည်း တောင်စွန်းရဲစခန်းကို ဒရုန်းဖြင့် နှစ်ကြိမ် တိုက်ခိုက် ခဲ့ကြသည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

တောင်စွန်းနယ် မြေရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိ မရှိကိုမူ အတိ အကျ မသိရသေးဘူးဟုလည်း ထုတ်ပြန်ပြောဆိုထားသည်။

ရဲစခန်းတိုက်ခိုက်မှုအတွင်း စခန်းဘက်က ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး အင်အားစု များဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဘီးလင်းမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မကြာခဏ ပစ်ခတ် တိုက်ခိုက်ခံလေ့ရှိသည်။

အလားတူ စစ်ကောင်စီ၏ တပ်စခန်းများ၊ ဂိတ်များနှင့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ် ရေးမှူးရုံးများ၊ ရဲစခန်းများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်လေ့ရှိသည်။