တော်လှန်ရေးကာလအတွင်း ဖက်ဒရယ် ဒီမိုကရေစီ အခြေခံများ တည်ဆောက်ရန်လိုဟု ကေအဲန်ယူပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။
စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ရန်အတွက် လက်ရှိ ကြားကာလ အခြေအနေကနေ စတင် တည်ဆောက်ရမှာဖြစ်ပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများကိုလည်း ဖက်ဒရယ်ဖွဲ့စည်းပုံအသစ်နှင့်အညီ အစားထိုးသွားရမှာ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောသည်။
ယခင်က အလုပ်မဖြစ်ခဲ့သည့် လုပ်ဆောင်မှုများကို စဉ်စားမနေတော့ဘဲ ယခုလက်ရှိ ကြားကာလတွင် အုတ်မြစ် ခိုင်မာပြီး သန္ဓေမှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို စတင်တည်ဆောက်ရန် လိုသည်ဟု KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောသည်။
“သန္ဓေမှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီဖြစ်ဖို့က ယခုတော်လှန်ရေးကာလ သို့မဟုတ် ကြားကာလကတည်းက စတင်ကြရမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ နိုင်ငံတည်ဆောက်ခြင်းကို အပေါ်ကနေ Top down ချုပ် ကိုင်ခြယ်လှယ်ပြီး ဆောင်ရွက်လာခဲ့တဲ့ အလုပ်မဖြစ်တဲ့ သာဓကတွေအောက်မှာ ကျနော်တို့ အားလုံးဖောက် ထွက်ပြီး တော့ ကျနော်တို့ အားလုံးဘဝနဲ့ ရင်းပြီးတော့ အတွေ့အကြုံတွေ ရယူခဲ့ကြပြီ ဖြစ်တယ်ဆိုတာကို လည်း ပြောကြားရင် ဒီနေ့ ကျနော်တို့ အောက်ခြေကနေပြီးတော့ အုပ်မြစ် ခိုင်ခိုင် တည်ဆောက်ဖို့ အရေးကြီး တယ် ဆိုတာ လေးကို ပြောကြားလိုပါတယ်။”
သန္ဓေမှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို လက်ရှိ ကြားကာလတွင် စတင်တည်ဆောက်ရန် လိုအပ် သည့်အပြင် လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍကိုလည်း ကြားကာလကနေ ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုက ရေစီ ဖွဲ့စည်းပုံ အသစ်နှင့်အညီ အစားထိုးရန် အရေးကြီးသည်ဟု ပဒိုစောတာဒိုမူး က ဆက် ပြောသည်။
“ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေးတပ်များနဲ့ PDF တပ်ဖွဲ့တွေကို လည်း လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်း လဲမှု လုပ်ငန်းစဉ် တစ်ခုလုံးရဲ့အောက်မှာ ပြန်လည်စုစည်းပြီး ပေါ်ပေါက်လာတဲ့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ ဖွဲ့ စည်းပုံ အသစ်နဲ့အညီ လုံခြုံရေးစနစ်အသစ်ရဲ့ အောက်မှာ ပြန်လည် တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ စစ်အာ ဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားရုံသာမကပဲနဲ့ ဖက်ဒရယ် ဒီမိုကရေစီ စံနှုန်းတွေနဲ့ ညီတဲ့ ပိုမိုကောင်းမွန်နဲ့ ဥပဒေတွေ အုပ်ချုပ်ရေး ယန္တရားတွေ တရားရေးစနစ်တွေနဲ့ အစားထိုးဖို့လည်း အရေးကြီးပါတယ်။”
ထို့အပြင် လက်ရှိ နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် လက်နက်ကိုင် အဖွဲ့အစည်း အမြောက်အများရှိနေ ပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍအရ ထိုလက်နက်ကိုင် အဖွဲ့အစည်းများကို အသစ်ပေါ် ပေါက်လာမည့် ဖက် ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအသစ်နှင့်အညီ ပြန်လည်စုစည်းနိုင်ဖို့ လိုအပ်သည်ဟု ကရင် အမျိုးသား လွတ် မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးမူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသော က ပြောသည်။
“အရေးကြီးတာကတော့ တော်လှန်ရေး အဆုံးသတ်ကောင်းဖို့လိုတယ်။ ပြန့်ကြဲနေတဲ့ ဒီတော်လှန်ရေး အလွန် ကာလမှာ ပြန်ကြဲနေတဲ့ လက်နက်တွေကို ထိန်းချုပ် ရလိမ့်မယ်။ နောက်ပြီးတော့ လက်နက်ကိုင် အဖွဲ့တွေ မှိုလိုမပေါက်ဖို့က အရေးကြီးပြီးတော့ အကြမ်းဖက်မှု နောက်တစ်ကြော့ ပြန် မဖြစ်စေရေးက အရေးကြီး ပြီးတော့ တည်ငြိမ်တိုးတက်တဲ့ တိုင်းပြည်ကို တည်ဆောက်သွားရမှာ ဖြစ်တယ်။ နောက်ပြီးတော့ ပါဝင် ပတ် သက်သူတွေ အားလုံး သဘောတူညီချက် ရယူနိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ဒီ နိုင်ငံရေး သဘောတူညီချက်ပေါ့နော်။”
အုပ်ချုပ်သူ အစိုးရအဆက်ဆက်က မဖြေရှင်းပေးနိုင်ခဲ့သည့် နိုင်ငံတည်ဆောက်မှု ပြဿနာမှာ လက်ရှိ နွေဦး တော်လှန်ရေးအထိ ကူးစက်လာပြီး ထိုပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် စစ်တပ်သည် နိုင်ငံရေးမှ အပြီး အပိုင် နှုတ်ထွက်သွားဖို့ လိုအပ်သည်ဟု KNU က ပြောသည်။