မြေသယ်ကားဖြင့် လိုက်ပါလာသော ရိုဟင်ဂျာ ၂၇ ဦး ဖမ်းဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။
ကြံခင်းမြို့တွင် မြေသယ်ကားဖြင့် လိုက်ပါလာသည့် ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲများက ဖမ်းဆီးလိုက်သည်ဟု ဒေသခံအချို့က ပြောသည်။
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းအုပ်စု၊ အုတ်ပုံစစ်ဆေးရေးဂိတ်တွင် ဥသျှစ်ပင်ဘက်မှ မောင်းနှင်လာ သည့် မြေသယ်ယာဉ်ပေါ်တွင် လိုက်ပါလာသော ရိုဟင်ဂျာ ၂၇ ဦး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
“လောလောဆယ် သိရတာကတော့ ကားသမားက ဥသျှစ်ပင်ကနေ တင်လာတာလို့ပဲ သိရသေးတယ်။ စစ်ဆေး နေတုန်းပဲ” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
ဩဂုတ်လ ၂၃ ရက်နေ့က ပုသိမ်-မုံရွာလမ်း အုတ်ပုံဂိတ်တွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၂၇ ဦးမှာ အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းမှ မွတ်ဆလင်ဘာသာဝင်များ ကူညီရေး အဖွဲ့ဝင်တစ်ဦးက “တောင်ကုတ်လမ်းကနေပြီး ဝင်လာတာ ဖြစ်မယ်။ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး လာကြတာပေါ့။ ရခိုင်မှာက အလုပ် အကိုင်ရှားပါးတယ်။ ထမင်းနပ်မှန်ဖို့ တောင် အနိုင်နိုင်ရုံးကန်နေကြရတာဆိုတော့ အလုပ်အကိုင် ပေါများမယ့် နေရာသစ်ကို ရှာဖွေကြတာပေါ့ဗျာ” ဟု ပြောသည်။
ရိုဟင်ဂျာများသည် ဧရာဝတီတိုင်းအတွင်းသို့ ငါးဖမ်းစက်လှေများဖြင့် ပင်လယ်ပြင်ကိုဖြတ်ကာ ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်နှင့် ဂေါ်ရန်ဂျီ ကမ်းခြေများအပြင် ဖျာပုံ၊ ဘိုကလေး ဒေသဘက်သို့ပါ ဝင်ရောက်ကြခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသအသီးသီးက ပြည်သူများက ပြောသည်။
ထို့အတူ ရခိုင်ရိုးမကို ဖြတ်ကျော်ကာ ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ဥသျှစ်ပင်လမ်းဆုံမှ ဘက်ရဲ၊ ရေနံသာ လမ်း ဆုံ၊ ငါးသိုင်းချောင်း၊ ရေကြည်တို့မှ ဖြတ်သန်းဝင်ရောက်ကြကာ ရန်ကုန်သို့ သွားကြသည်ဟု ဆိုသည်။
ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းမြို့နယ် ကျွန်းလျားရှည် ကျေးရွာအုပ်စု၊ သဲဖြူ ကျေးရွာအနီး၊ မကျီးဇင်-ကြက် သွန်ကွင်း ကားလမ်းပေါ်တွင် ဆိုင်ကယ် ၂ စီးနှင့် လိုက်ပါလာသည့် ရိုဟင်ဂျာ အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးတို့ကိုလည်း ဩဂုတ်လ ၆ ရက်နေ့က ဖမ်းဆီးခဲ့သည်။
ထို့အပြင် လပွတ္တာမြို့နယ်၊ ပြင်စလူကျေးရွာအုပ်စု၊ ကိုင်းသောင်ရွာနှင့် ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် စက်ပျက်နေသော လှေနှင့် မျောပါလာသည့် ရိုဟင်ဂျာ အမျိုးသား ၆၇ ဦး အမျိုးသမီး ၅ ဦး စုစုပေါင်း ၇၂ ဦးကို ဩဂုတ်လ ၄ ရက်နေ့တွင် ရေတပ်က ဖမ်းဆီးခဲ့သည်။
ဧရာဝတီတိုင်းအတွင်း ပြီးခဲ့သော မေလ ၅ ရက်နေ့ကလည်း ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင် တွင် မောင်းနှင်လာသော စက်လှေပေါ်မှ ရိုဟင်ဂျာ အမျိုးသား ၅၀ ဦး၊အမျိုးသမီး ၁၂ ဦး၊စုစုပေါင်း ၆၂ ဦးကို ဟိုင်းကြီးကျွန်း ရေတပ်စခန်းမှ စစ်ရေယာဉ်က ဖမ်းဆီးခဲ့သည်။
အလားအတူ ဧပြီလ ၁၉ ရက်နေ့ကလည်း ငရုတ်ကောင်းမြို့၊ ဂေါ်ရန်ဂျီကျွန်းအနီး ပင်လယ်ပြင်တွင် စက်လှေဖြင့် လိုက်ပါလာသည့် ရိုဟင်ဂျာ အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၇၀ ဦးတို့ကို စစ်ကောင်စီ လက် အောက်ခံ ရေတပ်က ဖမ်းဆီးခဲ့သေးသည်။
ထို့အပြင် ၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်နေ့ကလည်း ရိုဟင်ဂျာ ၃၉ ဦးလည်း ဟင်္သာတမြို့၊ လယ်တီကွင်းမြို့ အဝင် စစ်ဆေးရေးဂိတ်နေရာတွင် ဖမ်းဆီးခံခဲ့ရသေးသည်။