၁၀-၂၇ စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။
ရှမ်းပြည်မြောက်ပိုင်းက ၁၀.၂၇ စစ်ဆင်ရေး ၂ လကျော်ကာလအတွင်း မြို့နယ်ပေါင်း ၁၆ မြို့နယ်ထဲက ပြည်သူများ လူ့ အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံနေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ထုတ်ပြန် သည်။
နှစ်လတာ ကာလအတွင်း စစ်ကောင်စီနှင့် ညီနောင်မိတ် ၃ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်များဖြစ်သည့် ပန်ဆိုင်း၊ မုံးကိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ လောက်ကိုင်၊ သိန္နီ၊ သီပေါ၊ နမ္မတူ၊ တန့်ယန်း၊ လားရှိုး၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ နောင်ချို စသည့် မြို့နယ် ၁၆ မြို့နယ်ထဲ၌ လူ့အခွင့် အရေး ချိုးဖောက်ခံရမှု အမျိုးမျိုးရှိခဲ့သည်ဟု TWO က မှတ်တမ်းပြုစုထားသည်။
TWO ၏ စာရင်းမှတ်တမ်း ပြုစုချက်များအရ အရပ်သားနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းနှင့် ခန်းမများအပြင် လမ်းတံတားများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် တိုက်ပွဲများထဲ ကလေး (၂၈) ဦး သေဆုံးပြီး (၄၇) ဦး ဒဏ်ရာရခဲ့ပြီး အမျိုးသမီး (၃၆) ဦး သေဆုံးကာ (၇၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ အမျိုးသား (၄၅) ဦး သေဆုံးပြီး (၇၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ရာ စုစုပေါင်းသေဆုံးသူ (၁၂၃) ဦးနှင့် ထိခိုက်ဒဏ်ရာရခဲ့သူ (၂၃၉) ဦး အထိ ရှိခဲ့သည်။
မြေပြင်က အခြေအနေနှင့် ပတ်သက်၍ TWO မှ တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“အခုလောလောဆယ်က မြို့တော်တော်များများက တံတားတွေလည်းပျက်တယ်။ အကုန်လုံးက တောလမ်း အနေ နဲ့ ဆက်သွားတယ်။ ဒီ Highway လမ်းကို သွားလို့မရတဲ့ အနေအထားမျိုးမှာ စစ်ရှောင်တွေအတွက်က ပံ့ပိုးကူညီ မှုက အရမ်းကို အခက်အခဲဖြစ်တယ်ပေါ့နော်။ အရင်တုန်းကဆို လိုင်းနည်းနည်းရတော့ ကျမတို့အဖွဲ့ အစည်းတွေ က Kpay တွေလွှဲပြီးမှ ထောက်ပံ့ပေးတဲ့ဟာတွေရှိတယ်။ အခုလိုင်းပြတ်တောက်တာက တော်တော် များများ ပြတ်တောက်တယ်။ နမ့်ခမ်း၊ မူဆယ်ဘက်တွေကလည်း အရမ်းခက်ခဲတယ်။ ကွတ်ခိုင်၊ သိန္နီဘက် ဆို လည်း လိုင်းတွေ ပြတ်တောက်တယ်။ အဲ့လိုအနေအထားမျိုးမှာတော့ စစ်ရှောင်တွေကို ကူညီဖို့က တော်တော် လေး အခက်အခဲဖြစ်တယ်။”
ထိခိုက်သေဆုံးရသည့် အဓိက အကြောင်းအရင်းမှာ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်ခြင်း၊ လေကြောင်း အသုံး ပြုပြီး ဗုံးကြဲခြင်း၊ မြေမြှုပ်မိုင်းပေါက်ကွဲခြင်းစသည့် တိုက်ခိုက်မှုများကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု TWO က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်ထဲတွင် ထုတ်ပြန်ထားသည်။
၁၀.၂၇ စစ်ဆင်ရေး စတင်ပြီးနောက် နိုဝင်ဘာလကစပြီး ယနေ့အချိန်ထိ လေကြောင်းအသုံးပြုမှုများ ပိုများလာ သလို တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လေကြောင်းသုံးကာ ရပ်ရွာများထဲ ပစ်ခတ်တိုက်ခိုက်နေသည်ဟု TWO တာဝန်ရှိသူက ဆက်ပြောသည်။
“ပြီးခဲ့တဲ့ ဒီနိုဝင်ဘာလကနေစပြီး လေကြောင်းအသုံးပြုတိုက်ခိုက်မှုက တော်တော်လေးစိပ်လာတယ်။ အကြိမ် ရေတော်တော်များလာတယ်။ ဥပမာ နမ့်ဆန်ဘက်အခြမ်းကရွာ နှစ်ရွာဆို တိုက်ပွဲလည်းမရှိဘူး။ စစ်ပွဲလည်း မရှိ ဘူး လေယာဉ်နဲ့လာပြီးမှ ဗုံးကြဲသွားတယ်။ လူတွေသေတယ်။ ဆေးရုံတွေပျက်စီးတယ်ပေါ့နော်။ အိုးအိမ်တွေ ထိခိုက်တယ်။ အိပ်နေရင်းနဲ့ ကလေးတွေကလည်း အသက်ပေးလိုက်ရတယ်။ လူထုတွေက ဗုံးခိုကျင်းတူးလို့ မပြီးသေးခင်မှာ အသက်ပေးလိုက်ရတဲ့လူထုတွေလည်းရှိတယ်ပေါ့။ မိခင်နဲ့ကလေး သေဆုံးသွားတာတွေလည်း ရှိ တယ်။ အခုဆိုရင် လေယာဉ်ရန်ကိုကြောက်လို့ ရွာလုံးနီးပါးကို ဦးတည်ရာပေါင်းစုံနဲ့ပေါ့နော် ရွာဘက်တွေကို ပြေးသွားကြတဲ့ဟာတွေ ရှိတယ်။ အကုန်လုံးက အရမ်းကို ကြောက်နေကြတယ်ပေါ့နော်။”
ထို့အပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ညနေ ၃ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် ရနမ္မတူမြို့နယ်၊ ချောင်းဆာအုပ်စုထဲက မန်လီကျေးရွာ ဘုန်းကြီးကျောင်းကို ဂျက် လေယာဥ်ဖြင့် ဗုံးကြဲခဲ့ရာ မန်လီကျေးရွာတွင် တာဝန်ထမ်းဆောင်နေသော TNEC ကျောင်းဆရာမတစ်ဦးကို ထိမှန်သေဆုံးခဲ့သေးသည်။
ရှမ်းမြောက်က ၁၀.၂၇ စစ်ဆင်ရေးသည် ၂ လကျော်ကာလအတွင်း စစ်ကောင်စီတပ်စခန်း ၇၃ ခုနဲ့ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုင်းလုံမြို့ စသည့် မြို့ ၅ မြို့ကို သိမ်းပိုက်ထားပြီဟု တအာင်းတပ် (PSLF/TNLA) က ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက် သိမ်းပိုက် ထားသည့် တပ်စခန်း၊ နယ်မြေစိုးမိုးမှုရရှိပြီးဖြစ်သည့် မြို့များ၊ ရှေ့တန်းစစ်မြေပြင်က စစ်ဒေသများကို PSLF/ TNLA စစ်ဦးစီးချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့သည်ဟု ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ထား သည်။