စစ်ကောင်စီစစ်ကြောင်းက ရွာသားနှစ်ဦးကို သေနတ်ဖြင့်ပစ်၊ တစ်ဦးသေဆုံး

သတင်းနှင့် မီဒီယာကွန်ရက်။
ဇန္နဝါရီလ ၂၇ ရက်နေ့၊ ၂၀၂၄ ခုနှစ်။

တနင်္သာရီမြို့နယ်၊ ချောင်းဝကျေးရွာအနီး ဥယျာဉ်ခြံတစ်ခြံတွင် ရွာသားနှစ်ဦးကို စစ်ကောင်စီ စစ်ကြောင်းမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ရွာသားများက ပြောသည်။

တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာဘက်မှ ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း – ၅၆၁ သို့ လာသည့် စစ်ကောင်စီ စစ်ကြောင်းမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သေနတ်ထိမှန်မှုကြောင့် အသက် ၄၄ နှစ်အရွယ် ကိုဆောင်းချို ဆိုသူသေဆုံးခဲ့ပြီး အသက် ၅၄ နှစ်အရွယ် ဦးထွန်း လှနွယ် သည် ခြေဖဝါးတွင် ကျည်ထိမှန်ခဲ့ရာ စစ်ကောင်စီ စစ်ကြောင်းက ဆေးကုသပေးထားသည်။

ရွာသားတစ်ဦးက “ကိုဆောင်းချိုရဲ့ ရင်ဘတ်မှာ ကျည်ထိမှန်ထားတဲ့ ဒဏ်ရာ သုံးချက်တွေ့ရတယ်။ သူပိုက်ဆံနဲ့ နာရီကိုတော့ စစ်ကောင်စီစစ်ကြောင်းက သိမ်းယူသွားခဲ့တယ်” ဟု ပြောသည်။

၎င်းရွာသား နှစ်ဦးက စစ်ကောင်စီ စစ်ကြောင်းက ဇန္နဝါရီလ ၂၃ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ရွာသားနှစ်ဦးမှာ ချောင်းဝကျေးရွာမှ ညောင်ပင်ကွင်း – အနောက်ကမ်းရွာသို့ စစ်ရှောင်ပြီး ပြောင်းရွှေ့ကာ ခေတ္တ လာရောက်နေထိုင်သူများ ဖြစ်သည်။

သေဆုံးသွားသူ ကိုဆောင်းချို၏ ရုပ်အလောင်းကို ဇန္နဝါရီလ ၂၃ ရက်နေ့ ညနေမှာပင် နေ့တွင်းချင်း မြေမြုပ် သင်္ဂြိုလ်လိုက်ကြသည်ဟု ရွာသားများက ပြောသည်။

ဇန္နဝါရီလ တတိယပတ်ထဲ၌ပင် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ မြစ် တဖက် တချက်စီမှာရှိသည့် ချောင်းဝကျေးရွာနှင့် မြေမအုံကျေးရွာအနီးတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ သေးကြောင်း ရွာသားများက ဆိုသည်။

ညောင်ပင်ကွင်းကျေးရွာတွင် ဇန္နဝါရီလ ၁၅ ရက်နေ့မှစတင်၍ ယနေ့အချိန်ထိ နှစ်ဖက်ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားနေသည်။