PDF ပူးပေါင်းတပ်ဖွဲ့က လေသာတောင် ဆက်သွယ်ရေးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်။

သတင်းနှင့်မီဒီယာကွန်ရက်။
ဇန္နဝါရီလ ၂၇ ရက်နေ့၊ ၂၀၂၄ ခုနှစ်။

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုရှိ လေသာတောင် ဆက်သွယ်ရေးစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို PDFပူပေါင်းတပ်ဖွဲ့က ပြောက်ကျားစနစ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု များ ရှိခဲ့သည်။

အဆိုပါ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးခြင်းများ ရှိခဲ့သည်ဟု တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပူးပေါင်းစစ်ကြောင်း (၂) မှ စစ်ကြောင်းမှူးများ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ဇန္နဝါရီလ ၂၅ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်တွင် ကင်းပုန်းဝပ်ပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဇန္နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

တိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၂၊ တောဗုံးကြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဖေါ်ပြထားသည်။

ဆက်သွယ်ရေးစခန်း တောင်ပေါ်မှ တောင်ခြေကို ရေဆင်းသယ်သည့် စစ်ကောင်စီ တပ်သား ၇ ဦးထဲမှ လက်နက် မပါသည့် ၅ ဦးကို အရှင်ဖမ်းဆီးနိုင်ရန် လုပ်နေချိန် အနောက်မှ လက်နက်ဖြင့် လိုက်ပါလာသူ ၂ ဦး နှင့် အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “သူတို့ကို ဖမ်းဖို့ လက်မြှောက်ခိုင်းထား ချိန်မှာ သေနတ်ပါတဲ့ အနောက်က နှစ်ယောက်က ပြန်ခုခံပစ်တာကြောင့် အသေပြန် ပစ်ခတ်ခဲ့ရတယ်” ဟု ပြော သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း – ၂ တွင် မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ – ၂၊ ကျွန်းစုမြို့
နယ် – ပကဖ၊ ပုလောမြို့နယ် – ပကဖ၊ တနင်္သာရီ – ပကဖနှင့် Dragon squad ဒရုန်းလက်ရုံးတပ်ဖွဲ့တို့ ပါဝင် ဖွဲ့စည်းထားသည်။