ကျောက်ထုတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့များသိမ်းယူ၊ စစ်သား ၁၅ ဦးသေ၊ ၈ ဦး အရှင်ဖမ်းမိ
သတင်းနှင့်မီဒီယာကွန်ရက်။
ဇန္နဝါရီလ ၂၇ ရက်နေ့၊ ၂၀၂၄ ခုနှစ်။
ထားဝယ်မြို့နယ်ထဲမှ တိုက်ခိုက်သိမ်းလိုက်သည့် ကျောက်ထုတပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ၈ ဦးကို အရှင်ဖမ်းမိခဲ့ကြသည်။
ဘန်းချောင်းဒေသတွင်ရှိသည့် ကျောက်ထုတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဇန္နဝါရီလ ၂၃ ရက်နေ့တွင် စီးနင်းတိုက်ခိုက်ခဲ့ပြီး တစ်ရက်အကြာ ဇန္နဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်း ၄ ကြောင်းဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု KNLA တပ်ရင်း ၁၂ နှင့် တပ်ရင်း ၂၇ တပ်ရင်းမှူး စောမူးဂေက ပြောသည်။
“စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးတယ်၊ ၈ ဦးကိုတော့အရွင်ဖမ်းမိခဲ့တဲ့အပြင် တပ်မိသားစုဝင် အမျိုးသမီး တစ်ဦးပါ။ ဖမ်းဆီးမိတာဆိုတော့ ၉ ယောက်ပေါ့၊ အခုလက်ရှိကတော့ ကျောက်ထုစခန်းရဲ့ နယ်မြေတဝိုက်ကို စိုးမိုးထားပါတယ်” ဟု တပ်ရင်းမှူး စောမူးဂေ က ပြောသည်။
တပ်ရင်းမှူး စောမူးဂေမှာ ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ(၆)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၂၇ နှင့် တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း ၁၂ စသည့် တပ်ရင်းနှစ်ခုကို တွဲဖက်တာဝန် ယူထားသည့် တပ်ရင်းမှူးတစ်ဦး ဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲအား KNLA တပ်မဟာ ၄ တပ်ရင်း – (၁၂)၊ KNLA တပ်မဟာ ၆ တပ်ရင်း -၂၇ နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်များ ဖြစ်သည့် ထားဝယ်ခရိုင် T1 စစ်ကြောင်း၊ T5 စစ်ကြောင်း၊ ဒေါင်းမင်းစစ်ကြောင်းတို့ ပူးပေါင်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) မှ ဇန္နဝါရီလ ၂၆ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။
ကျောက်ထုစခန်းမှာ တနင်္သာရီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့ သည့် စစ်ကောင်စီ စခန်းတစ်ခုလည်း ဖြစ်သည်။
ဖမ်းဆီးရမိသည့် ခလရ ၂၇၃ တပ်ရင်း၊ တပ်ခွဲ ၂ မှ ဗိုလ်ကျော်ထက်အောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို KNU ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်ရင်းမှူး စောမူးဂေက ပြောသည်။
တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်၌ ထိခိုက်မှုမရှိခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သူ ပူပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းဘက်မှ MA1 လေးလက်၊ MA2 နှစ်လက်၊ MA3 ခြောက်လက်၊ MA4 တစ်လက်၊ MA5 တစ်လက်၊ ငါးကြင်းမီး တစ်လက်၊ ငါးကြင်းမီး ပြောင်းပို တစ်ခု၊ RPG တစ်လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း နှစ်လက် အပါအဝင် လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း ဖေါ်ပြထားသည်။
KNU နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ၂၀၂၄ ခုနှစ်တွင် တနိုင်ငံလုံး စစ်ရေး အရှိန် မြင့် တင်နိုင်ရေး အတွက် ကြိုးစားနေကြခြင်းဖြစ်ပြီး ဆက်လက်၍လည်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများကို ဖော် ဆောင်သွားမှာ ဖြစ်သည်ဟု တောင်ပိုင်းတိုင်း စစ်ဒေသခွဲ (၃) မှ ဒုစစ်ဒေသခွဲမှူး -၂ ရဲဘော်ဂျူပီတာက ပြောသည်။
တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ ကျောက်ထုတပ်စခန်းမှာ ၁၉၉၈ ခုနစ်ကတည်းက စခန်းချတပ်စွဲထား သည့် နေရာဖြစ်ပြီး ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် ခလရ ၂၇၃ တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့များ၏ ရှေ့တန်းခြေကုပ် စခန်းတစ်ခုဖြစ်ကြောင်း ကရင်တိုင်းရင်းသားသတင်းဌာန Kwe Ka Lu ၏ ဖော်ပြခြက်အရ သိရ သည်။