၁၀၂၇ စစ်ဆင်ရေးအတွင်း ထူးခြားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေများ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။
၁၀၂၇ စစ်ဆင်ရေး (၇၇) ရက်မြောက်နေ့ အခြေအနေ
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ နယ်မြေများတွင် ၁၀၂၇ စစ်ဆင်ရေး ၇၇ ရက်မြောက်နေ့တွင် နှစ်ဘက်ရင်ဆိုင်တိုက် ပွဲ၊ ထိုးစစ်များ မရှိခဲ့သော်လည်း တအာင်းနှင့် ရခိုင်ဒေသထဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေ ကြောင်းပစ်ခတ် တိုက်ခိုက်မှုများမှာ ယခင်ရက်များနည်းတူ အပြောင်းအလဲမရှိ ဆက်လက်ရှိနေခဲ့ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က ပန်ခေါ် ကျေးရွာ၊ ပန်ဖတ်ကျေးရွာ၊ ကောင်ဖြူကျေးရွာ၊ ပန်နားကျေးရွာ၊ ပန်ဟုံကျေးရွာနှင့် ကုန်းဆာကျေးရွာများ အနီးတစ်ဝိုက်သို့ Mi-35 ရဟတ်ယာဉ်ဖြင့် (၉) ကြိမ်၊ Y12 လေယာဉ်ဖြင့် (၁၅) ကြိမ် တိုင် လာရောက်၍ ဗုံး (၁၃၀) ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့အပြင် စစ်ကောင်စီ နမ့်ဆန်မြို့နယ်ထဲ လေယာဉ်ဖြင့် နှစ်ကြိမ်၊ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ မိုင်းငေါ့ မြို့နယ်သို့ လက်နက်ကြီးဖြင့် (၅) ကြိမ်၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်း ကျေးရွာသို့ လက်နက်ကြီးဖြင့် (၄) ကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ကုန်းဆာကျေးရွာ၊ ပန်တားကျေးရွာနှင့် ပန်ဖတ် ကျေးရွာသို့ လက်နက်ကြီးဖြင့် (၃၄) ကြိမ်နှင့် သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်မှ နမ့်ယွန်းကျေးရွာသို့ လက်နက် ကြီးဖြင့် (၃) ကြိမ်ဖြင့် ယနေ့တစ်ရက်တည်းတွင် လက်နက်ကြီးပစ်ခတ်မှုပေါင်း (၄၆) ကြိမ်တိုင် ပြုလုပ်ခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။
အလားတူ ရခိုင်ပြည်၊ မင်းပြားမြို့ထဲ လေကြောင်း ပစ်ခတ်မှုအပြင် မြေပြင်တွင်လည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်။ ထို့ကြောင့် မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည့်အပြင် စစ်ကောင်စီ၏ နေဗီမှ မြို့အတွင်းသို့ ဝင်ရောက်ကာ မြို့ပေါ်ရပ် ကွက်ရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ရခိုင်ပြည်အတွင်းရှိ မြို့တော် စစ်တွေ အခြေစိုက် စစ်ကောင်စီ၏ “အမှတ် (၁၂) ရဲတပ်ရင်း” မှ အရပ်သားပြည်သူ များနေထိုင်ရာ ပေါက်တောမြို့နှင့် ရမ်းဗြဲမြို့ အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။ အရပ်သားထိခိုက်မှုများလည်း ရှိနေသည်။
ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ အကြားက တိုက်ပွဲများမှာ ပလက်ဝမြို့နယ်ထဲအထိ အပြီးသတ် စခန်းသိမ်း တိုက်ပွဲများနှင့်အတူ နှစ်ဘက်ကြားတိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
၁၀၂၇ စစ်ဆင်ရေးတွင် ဓနုတော်လှန်ရေးတပ်ဖွဲ့ ပါဝင်တိုက်ခိုက်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF)မှ မဟာမိတ်များနှင့်အတူ ပူးပေါင်းပါဝင် တိုက်ခိုက်နေသည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။
DPLF အနေဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ယနေ့အချိန်ထိ စဉ်ဆက် မပြတ် ပါဝင်ခဲ့ပြီး ကွတ်ခိုင်၊ နမ့်ခမ်း၊ သီပေါ၊ ကျောက်မဲ စသည့်မြို့နယ်များတွင် စစ်ကောင်စီတပ်၏ အခြေစိုက် စခန်းများကို ထိုးစစ်ဆင်နိုင်ခဲ့သည်ဟု ဆိုသည်။
DPLF ပြန်ကြားရေး တာဝန်ခံ ကိုထွန်းထွန်းနိုင်က “ဒီစစ်ဆင်ရေးကတော့ အားလုံးသိတဲ့ အတိုင်းပဲ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ အနေအထားမှာ ဖြစ်သွားတယ်။ ကျနော်တို့ အနေနဲ့တော့ ထွေထွေထူးထူး မစဉ်းစားတော့ဘူး ပေါ့။ ဘာလို့လဲဆိုရင် မြောက်ပိုင်းမဟာမိတ် ညီနောင်တွေနဲ့အတူ အခုလိုမျိုး ပါဝင်ခွင့်ရတာကိုပဲ အတွေ့အကြုံ အများကြီး ရတယ်။ ကျန်တဲ့ အဖွဲ့တွေလည်း အများကြီးပဲ။ သူတို့ ပူးပေါင်းပြီးတော့ ပါဝင်ချင်ကြမှာပဲလေ။ ကျနော်တို့ကျတော့ မြေပြင်မှာ တစ်သားတည်း ပါဝင်နေရတာပေါ့နော်။ အဲဒီအတွက်ကိုတော့ ကျနော်တို့ အများကြီး စဉ်းစားစရာ မလိုဘူးပေါ့” ဟု ပြောသည်။
DPLF အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသများတွင် စစ်မျက်နှာ ဖွင့်ထားသည့်အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း အထိုင်တပ်ရင်း တစ်ခုရှိသောကြောင့် အထူးတစ်လည် ညှိနှိုင်းရန် မလိုဘဲ ပူးပေါင်း ပါဝင် တိုက်ခိုက်နေခြင်း ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးသည် စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ်များကို တိုက်ခိုက်သည့် စစ်ဆင်ရေး ဖြစ်ပြီး တော်လှန်ရေး အင်အားစုများဘက်မှ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် (TNLA) တို့၏ ဦးဆောင်မှုနှင့်အတူ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ပေါ်ပေါက်လာခဲ့သော ဒေသတွင်း ကာကွယ်ရေးတပ်များလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေကြသည်။
မန္တလေးမြို့နှင့် အနီးဆုံး ရောက်လာသော “၁၀၂၇ စစ်ဆင်ရေး”
နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်လိုက်သည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း တိုက်ပွဲများမှာ “၁၀၂၇“ စစ် ဆင်ရေး၏ အစိတ်အပိုင်းဖြစ်ကြောင်း တအာင်းတပ် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တို့က ထုတ်ပြန်ပြောဆိုလိုက်သည်။
နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် မန္တလေးမြို့မြောက်ဘက်၊ မတ္တရာမြို့နယ်အရှေ့ခြမ်း ကင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ သည်။ အဆိုပါ တိုက်ပွဲထဲတွင်လည်း ဒေသခံများ ထိခိုက်သေဆုံး ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်။
မတ္တရာအနီး စစ်ရေးစီမံချက် စတင်ချမှတ်စဉ် ကတည်းက မန္တလေးမြို့အထိ ထိုးဖောက်ဝင်ရောက်နိုင်ရေး ရည် ရွယ်ခဲ့ခြင်းဖြစ်သည်ဟု MDY-PDF ဘက်က ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကင်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်း တပ် PSLF/TNLA၊ မန္တလေး MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု နိုဝင်ဘာ ၁၅ တွင် ထုတ်ပြန်ထားသည်။
စစ်ဆင်ရေး စတင်ပြီး၊ နှစ်ပတ်ကျော်အကြာတွင် TNLA နှင့် MDY-PDF တို့က စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ မြို့တော်မန္တလေးနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မတ္တရာမြို့နယ်၊ ကင်းကျေးရွာ အတွင်း တပ်စွဲထားသော စစ်တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့သည်။
“၁၀၂၇” နှင့်အတူ ပူးတွဲဖော်ဆောင်လာသည့် “တောင်သမန်စစ်ဆင်ရေး” အဖြစ် အမည်ပေးထားသည့် စစ်ရေးစီမံ ချက် စတင်ချမှတ်စဉ်ကတည်းက မန္တလေးမြို့အထိ ထိုးဖောက်ဝင်ရောက်နိုင်ရေး ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု MDY-PDF က ဆိုသည်။
အဆိုပါ စစ်ဆင်ရေးနှင့် ပတ်သက်၍ “တောင်သမန်စစ်ဆင်ရေး စတင်တဲ့အချိန်ကတည်းက အပေါ် ရှမ်းမြောက် မှာ တိုက်ပွဲဖော်ဆောင်နေတာနဲ့ တစ်ပြိုင်တည်းမှာပဲ ကျနော်တို့ မတ္တရာမြို့နယ်ကိုလည်း ထိုးဖောက်ဝင်ပြီး တိုက်ပွဲ ဖော်ဆောင်နေတာ ဖြစ်တယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဒီနေ့အချိန် တောက်လျှောက်ဖြစ်တာပါ” ဟု MDY-PDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က နိုဝင်ဘာတတိယပတ်တွင် ပြောသည်။
၁၀၂၇ စစ်ဆင်ရေး စတင်နေချိန် စစ်တပ်က ကင်း၊ မြောင်းသစ်၊ သဖန်းကိုင်း၊ ရှားစေးချက်၊ ကြားကျေးရွာများထဲ စစ်ကြောင်းထိုး ဝင်လာပြီး၊ ကင်းကျေးရွာတွင် တပ်စွဲနေရာယူထားလိုက်သည်။
အဆိုပါ ဒေသတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၌လည်း စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက် ကြီး၊ အမြောက်များနှင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
မတ္တရာမြို့နယ်တိုက်ပွဲအတွင်း ဒေသခံပြည်သူ အနည်းဆုံး ၈ ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး၊ အသက် ၇၈ နှစ် အရွယ် အဘွားအိုတစ်ဦးလည်း သေဆုံးခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးအတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများ
ရှမ်းပြည်မြောက်ပိုင်းက ၁၀.၂၇ စစ်ဆင်ရေး ၂ လကျော်ကာလအတွင်း မြို့နယ်ပေါင်း ၁၆ မြို့နယ်ထဲက ပြည်သူ များ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံနေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ထုတ် ပြန်သည်။
နှစ်လတာ ကာလအတွင်း စစ်ကောင်စီနှင့် ညီနောင်မိတ် ၃ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်များဖြစ်သည့် ပန်ဆိုင်း၊ မုံးကိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ လောက်ကိုင်၊ သိန္နီ၊ သီပေါ၊ နမ္မတူ၊ တန့်ယန်း၊ လားရှိုး၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ နောင်ချို စသည့် မြို့နယ် ၁၆ မြို့နယ်ထဲ၌ လူ့အခွင့် အရေး ချိုးဖောက်ခံရမှု အမျိုးမျိုးရှိခဲ့သည်ဟု TWO က မှတ်တမ်းပြုစုထားသည်။
TWO ၏ စာရင်းမှတ်တမ်း ပြုစုချက်များအရ အရပ်သားနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းနှင့် ခန်းမများအပြင် လမ်းတံတားများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် တိုက်ပွဲများထဲ ကလေး (၂၈) ဦး သေဆုံးပြီး (၄၇) ဦး ဒဏ်ရာရခဲ့ပြီး အမျိုးသမီး (၃၆) ဦး သေဆုံးကာ (၇၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ အမျိုးသား (၄၅) ဦး သေဆုံးပြီး (၇၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ရာ စုစုပေါင်းသေဆုံးသူ (၁၂၃) ဦးနှင့် ထိခိုက်ဒဏ်ရာရခဲ့သူ (၂၃၉) ဦး အထိ ရှိခဲ့သည်။
မြေပြင်က အခြေအနေနှင့် ပတ်သက်၍ TWO မှ တာဝန်ရှိသူ တစ်ဦးက “အခုလောလောဆယ်က မြို့တော်တော် များများက တံတားတွေလည်းပျက်တယ်။ အကုန်လုံးက တောလမ်း အနေ နဲ့ ဆက်သွားတယ်။ ဒီ Highway လမ်းကို သွားလို့မရတဲ့ အနေအထားမျိုးမှာ စစ်ရှောင်တွေအတွက်က ပံ့ပိုးကူညီမှုက အရမ်းကို အခက်အခဲ ဖြစ် တယ်ပေါ့နော်။ အရင်တုန်းကဆို လိုင်းနည်းနည်းရတော့ ကျမတို့အဖွဲ့ အစည်းတွေ က Kpay တွေလွှဲပြီးမှ ထောက်ပံ့ပေးတဲ့ဟာတွေရှိတယ်။ အခုလိုင်းပြတ်တောက်တာက တော်တော် များများ ပြတ်တောက်တယ်။ နမ့်ခမ်း၊ မူဆယ်ဘက်တွေကလည်း အရမ်းခက်ခဲတယ်။ ကွတ်ခိုင်၊ သိန္နီဘက် ဆိုလည်း လိုင်းတွေပြတ်တောက်တယ်။ အဲ့လိုအနေအထားမျိုးမှာတော့ စစ်ရှောင်တွေကို ကူညီဖို့က တော်တော် လေး အခက်အခဲဖြစ်တယ်” ဟု ပြောသည်။
ထိခိုက်သေဆုံးရသည့် အဓိက အကြောင်းအရင်းမှာ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်ခြင်း၊ လေကြောင်း အသုံး ပြုပြီး ဗုံးကြဲခြင်း၊ မြေမြှုပ်မိုင်းပေါက်ကွဲခြင်းစသည့် တိုက်ခိုက်မှုများကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု TWO က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်ထဲတွင် ထုတ်ပြန်ထားသည်။
၁၀.၂၇ စစ်ဆင်ရေး စတင်ပြီးနောက် နိုဝင်ဘာလကစပြီး ယနေ့အချိန်ထိ လေကြောင်းအသုံးပြုမှုများ ပိုများလာ သလို တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လေကြောင်းသုံးကာ ရပ်ရွာများထဲ ပစ်ခတ်တိုက်ခိုက်နေသည်ဟု TWO တာဝန်ရှိသူက ဆက်ပြောသည်။
“ပြီးခဲ့တဲ့ ဒီနိုဝင်ဘာလကနေစပြီး လေကြောင်းအသုံးပြုတိုက်ခိုက်မှုက တော်တော်လေးစိပ်လာတယ်။ အကြိမ် ရေတော်တော်များလာတယ်။ ဥပမာ နမ့်ဆန်ဘက်အခြမ်းကရွာ နှစ်ရွာဆို တိုက်ပွဲလည်းမရှိဘူး။ စစ်ပွဲလည်း မရှိ ဘူး လေယာဉ်နဲ့လာပြီးမှ ဗုံးကြဲသွားတယ်။ လူတွေသေတယ်။ ဆေးရုံတွေပျက်စီးတယ်ပေါ့နော်။ အိုးအိမ်တွေ ထိခိုက်တယ်။ အိပ်နေရင်းနဲ့ ကလေးတွေကလည်း အသက်ပေးလိုက်ရတယ်။ လူထုတွေက ဗုံးခိုကျင်းတူးလို့ မပြီးသေးခင်မှာ အသက်ပေးလိုက်ရတဲ့လူထုတွေလည်းရှိတယ်ပေါ့။ မိခင်နဲ့ကလေး သေဆုံးသွားတာတွေလည်း ရှိ တယ်။ အခုဆိုရင် လေယာဉ်ရန်ကိုကြောက်လို့ ရွာလုံးနီးပါးကို ဦးတည်ရာပေါင်းစုံနဲ့ပေါ့နော် ရွာဘက်တွေကို ပြေးသွားကြတဲ့ဟာတွေ ရှိတယ်။ အကုန်လုံးက အရမ်းကို ကြောက်နေကြတယ်ပေါ့နော်။”
ထို့အပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ညနေ ၃ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် ရနမ္မတူမြို့နယ်၊ ချောင်းဆာအုပ်စုထဲက မန်လီကျေးရွာ ဘုန်းကြီးကျောင်းကို ဂျက် လေယာဥ်ဖြင့် ဗုံးကြဲခဲ့ရာ မန်လီကျေးရွာတွင် တာဝန်ထမ်းဆောင်နေသော TNEC ကျောင်းဆရာမတစ်ဦးကို ထိမှန်သေဆုံးခဲ့သေးသည်။
ရှမ်းမြောက်က ၁၀.၂၇ စစ်ဆင်ရေးသည် ၂ လကျော်ကာလအတွင်း စစ်ကောင်စီတပ်စခန်း ၇၃ ခုနဲ့ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုင်းလုံမြို့ စသည့် မြို့ ၅ မြို့ကို သိမ်းပိုက်ထားပြီဟု တအာင်းတပ် (PSLF/TNLA) က ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက် သိမ်းပိုက် ထားသည့် တပ်စခန်း၊ နယ်မြေစိုးမိုးမှုရရှိပြီးဖြစ်သည့် မြို့များ၊ ရှေ့တန်းစစ်မြေပြင်က စစ်ဒေသများကို PSLF/ TNLA စစ်ဦးစီးချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့သည်ဟု ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ထား သည်။