အရပ်ဖက် ဆေးရုံနှင့် စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲ၊ အများအပြား ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်။
ရခိုင်ပြည်၊ မင်းပြားမြို့ထဲရှိ သေကန်ကျေးရွာစာသင်ကျောင်းနှင့် မင်းဖူးကျေးရွာရှိ အရပ်ဖက်ဆေးရုံအား စစ်ကောင်စီက ဂျက်တိုက်လေယာဉ်သုံး ဗုံးကြဲခဲ့ရာ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၁ နာရီကျော်အချိန်ခန့်တွင် မင်းဖူးအရပ်ဘက်ဆေးရုံအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူများ၊ ဆေးရုံဝန်ထမ်းများနှင့် သုံ့ပန်းများ ပြင်းထန်စွာ ထိ ခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။
ထို့အပြင် မင်းပြားမြို့နယ်အတွင်းရှိ သေကန်ကျေးရွာကိုလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သည်။
ဒေသခံတစ်ဦးက “ရာမောင်တံတားနားက သေကန်ရွာကို ဂျက်လေယာဉ်နဲ့ လာကြဲတာ။ ကျောင်းမှာလည်း ကျ တယ်။ နှစ်လုံးကျတယ်။ နောက်ပြီး ဆေးရုံပေါ့၊ ရွာထဲက ဆေးရုံမှာကျတယ်။ ဒဏ်ရာရတာက ၂၀ ကျော် ၃၀ လောက်ရှိမယ်။ အတိအကျ မသိဘူး။ ကျနော်တို့လည်း ထွက်ပြေးကြတယ်။ တချို့လည်း ကျန်ခဲ့တယ်” ဟု ပြောသည်။
သေကန်ကျေးရွာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိ အခြားကျေးရွာအသီးသီး ရွာသား များလည်း ဘေးလွတ်နိုင်မည့် နေရာများသို့ တိမ်းရှောင်နေကြရသည်။
အခြားဒေသခံ တစ်ဦးက “အဲ့နေ့မနက်က ဒီသေကန်ရော၊ မင်းဖူးကိုရော တပြိုင်တည်း ဗုံးကြဲသွားတာပါ။ အဲ့ အနီးနားမှာတော့ တိုက်ပွဲဖြစ်နေတာမျိုးမရှိဘူး။ သေကန်ကတော့ စာသင်ကျောင်းမှာ ကျတယ်။ ရွာထဲကျ တယ်။ မင်းဖူးကတော့ ဆေးရုံမှာကျတာ။ တမင်ပစ်သွားတာမျိုးလို့ ပြောလို့ရတယ်” ဟု ပြောသည်။
ထို့အပြင် မင်းဖူးဆေးရုံသည် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များကို ဆေးကုသပေးနေ သော အရပ်ဘက် ဆေးရုံတစ်ခုလည်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ရခိုင်ဒေသအတွင်းရှိ စစ်မျက်နှာတွင် ၎င်းတို့၏ တပ်ရင်း၊ တပ်မ ဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာအပြင် မြို့တစ်မြို့ပြီး တစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် အရပ်သား ပြည်သူ လူထုများနှင့် ဆေးရုံ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း AA ၏ ထုတ်ပြန်ချက်ထဲ၌ ရေးသားထားသည်။
အလားတူ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း မင်းပြား၊ ကမ်းနီကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖြစ်သည့် အတွက် မင်းပြားတစ်မြို့နယ်လုံးကို AA က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း AA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန် ထားသည်။
ကမ်းနီကျေးရွာအနီးရှိ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း (ခေါ်) တပ်မတော်တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ည ၇ နာရီ အချိန်ခန့်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းနှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်း ဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သင်တန်းကျောင်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ယမန်နေ့ နံနက် (၂) နာရီခန့်က စစ်ကောင်စီတပ်က မင်းပြား မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မင်းဖူးဆေးရုံအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပြီး ဆေးကုသမှုခံ ယူနေသူများနှင့် ဆေးရုံဝန်ထမ်းများ ပြင်ထန်ဒဏ်ရာရှိခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေကန်ကျေးရွာမှ ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေ အိမ်၊ စပါးကျီနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့သည်။