ရွာကို ဖျက်ဆီးပြီး ရွာသားများကို ဖမ်းခေါ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်။

စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့တစ်ဖွဲ့က ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေမြို့ ဒေသအတွင်းရှိ ကျေးရွာ နှစ်ရွာထဲက နေအိမ်အလုံးရေ ၅၀ နီးပါးကို ဝင်ရောက်ဖျက်ဆီးပြီး ဒေသခံ ရွာသား ၄၀ ကျော်ကို ဖမ်းဆီးသွားဟု ဒေသခံများက ပြောသည်။

ချောင်းသာကမ်းခြေမြို့ဒေသ၊ ကန်ကြီးကျေးရွာအုပ်စု အတွင်းရှိ ကျောက်ပုံကျေးရွာက နေအိမ် ၃၅ လုံး နှင့် ချောင်းခွကျေးရွာက နေအိမ် ၁၂ လုံးကို စစ်ကောင်စီတပ်က ဖေဖေါ်ဝါရီလနောက်ဆုံးပတ်က ဝင်ရောက် ဖျက်ဆီး ပြီး ဒေသခံ ရွာသား ၄၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ကျောက်ပုံ ရွာသား တစ်ဦးက “ PDF အားပေးတဲ့ ကောင်တွေ ဖမ်းကွာ အကုန်ဖျက်ဆိုပြီး ဖျက်ပစ်တာ။ မီးရှို့မလို့ လုပ်သေးတယ်။ ရွာက လူကြီး သူမတွေက ငိုယိုတောင်းပန်လို့ သက်သာသွားတာ။ အခု အားလုံးက စစ်တပ် ထပ်လာမှာကို ကြောက်နေကြတယ်။ ရွာကပျက် လု နီး နီး ဖြစ်သွားတယ်” ဟု ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ပြောသည်။

ကန်ကြီးကျေးရွာ အုပ်စုအတွင်းရှိ ဂွေးချိုကျေးရွာသူရွာသားများကို PDF အားပေးသည်ဟု ဆိုကာ စစ်ကောင်စီ တပ်က ရွာလုံးကျွတ် ဖျက်သိမ်း ရွှေ့ပြောင်းလိုက်ပြီးနောက် ကျောက်ပုံကျေးရွာနှင့် ချောင်းခွကျေးရွာကို စစ် ကောင်စီ တပ်ဖွဲ့တစ်ဖွဲ့ ထပ်ရောက်လာပြီး PDF အားပေးသည်သူများဟု ဆိုကာ လူငယ် နှင့် လူလတ်ပိုင်း အရွယ် များကို ဖမ်းခေါ်သွားခဲ့သည်။

ထို့နောက် အဆိုပါ ကျေးရွာအတွင်းရှိ အိမ်များကို ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်သည် ဟု ဆိုကြသည်။

ရွာသား ၄၅ ဦးကို ဖမ်းဆီးသွားသည်မှာ ငါးရက်ခန့်ရှိလာနေပြီ ဖြစ်ပြီး မည်သည့်နေရာ၌ ချုပ်နှောင်ထားသည်ကို ကျေးရွာအုပ်ရေးမှူးထံ စုံစမ်းမေးမြန်းခဲ့သော်လည်း မသိရသေးသည့်အတွက် စိုးရိမ်နေကြသည်ဟု ဖမ်းဆီးခံရသူ များ၏ မိသားဝင်များက ပြောသည်။

အသက် ၆၀ နီးပါးရှိ အမျိုးသမီးကြီး တစ်ဦး က “စစ်သားတွေက ရိုက်နှက်ကြမှာ သတ်ပစ်မှာ စစ်ထဲထည့်မှာ ပေါ် တာဆိုလား ရှေ့က အသေခံရတဲ့ သူဆိုလား အဲ့ဒါတွေလုပ်ခိုင်းမှာကို ပူပန်နေတယ်။ ကလေးတွေရဲ့ အဖေက မရှိ တော့ဘူး။ သားကြီးက မိသားစုကို ရှာကြွေးနေတာ။ ကျမတို့က တောသူ တောင်သားတွေပါ။ နိုင်ငံရေးတွေ ဘာ တွေညာတွေ မသိပါဘူး” ဟု ပြောသည်။

နေအိမ်များ အဖျက်ခံလိုက်ရသည့် ကျေးရွာနှစ်ရွာအနက် ကျောက်ပုံကျေးရွာ၌ အိမ်‌ခြေအလုံးရေ ၆၀ ကျော် ရှိ ကာ ချောင်းခွကျေးရွာ၌ အိမ်ခြေအလုံးရေ ၃၀‌ ခန့်ရှိနေပြီး နေထိုင်သူ အများစုက တောင်ယာ၊ လယ်လုပ်ငန်း၊ ထင်းခုတ်၊ သစ်ဝါးခုတ်၊ မီးသွေးဖုတ် အစရှိသည့် လုပ်ငန်းများကို လုပ်ကိုင်ကြခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ထက်ဝက်နီးပါးခန့် ဖျက်ဆီးခံလိုက်ရခြင်းကြောင့် ရွာသူရွာသား အယောက် ၂၅၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ရပြီး ရွာပျက်လုနီးပါးဖြစ်ကာ နီးစပ်ရာဆွေမျိုး မိတ်ဆွေများရှိရာ အခြား ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင် နေကြရသည်။

ထို့အပြင် ဖျက်ဆီးခံလိုက်ရသည့် ကျေးရွာများနှင့် လမ်းကြောင်းတလျှောက် တဆက်စပ်တည်း ရှိနေသော ငပိန် တလည်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် အချို့က နေအိမ်များ ကို ထားပစ်ခဲ့ပြီး ချောင်းသာကမ်းခြေမြို့အနီးက ကျေးရွာများနှင့် ရပ်ကွက်များကို ပြောင်းရွှေ့နေကြသည်ဟု ချောင်းသာမြို့ခံ အချို့က ဆိုသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် အတွင်းက ချောင်းသာ ကမ်းခြေမြို့ ဒေသ၌ ဇန္နဝါလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဂွေးချိုကျေးရွာကို ရွာလုံးကျွတ် ဖျက်သိမ်းပြောင်းရွှေ့ခိုင်းလိုက်ပြီး ကျောက်ပုံကျေးရွာ နှင့် ချောင်းခွ ကျေးရွာမှ အိမ်ခြေ ထက်ဝက်ကျော်ကို ဖျက်ဆီးလိုက်သည့်အတွက် လူဦးရေ ၄၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်နေ ကြ ရသည်။