ဘုရားဝင်းအတွင်း လက်နက်ကြီးကျရာ ရွာသားနှစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်။

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ ဘုရားဝင်းအတွင်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့ရာ ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ကျောင်းဆောင်များ ပျက်စီး သွားသည်။

ဇဟာကျေးရွာတွင် ရှိနေသည့် စစ်ကောင်စီ လက်အောက်ခံ အမြောက်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မတ်လ ၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်က မောင်မယ်ရှောင်ကျေးရွာရှိ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းထဲသို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “တိုက်ပွဲမရှိပဲ ပစ်နေတာပါ။ မိန်းကလေးက ပေါင်မှာ ထိထားတယ်။ အမျိုးသားကတော့ လည်ပင်းမှာ ထိတယ်၊ နှစ်ယောက်စလုံး ဒဏ်ရာပြင်းတာကြောင့် ထားဝယ်ဆေးရုံကို ပို့ပေးလိုက်ပြီ” ဟု ပြောသည်။

ကျောင်းဆောင်နှစ်ခု၏ ခေါင်မိုးနှင့် နံရံများထိခိုက်ပျက်စီးခဲ့ပြီး ဘုရားဝင်းအတွင်း စာရေးလုပ်ကိုင်နေသူ သက် လတ်ပိုင်း အရွယ် အမျိုးသမီး တစ်ဦး နှင့် အမျိုးသားတစ်ဦးတို့ လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ ခြင်း ဖြစ်သည်။

ရှင်ဓာတ်ဝဲဘုရားဝင်းအတွင်းသို့ လက်နက်ကြီးကျည် ကျ‌ရောက် ပေါက်ကွဲသောကြောင့် ငါးခုံးမရေကန် ဘုရား သိမ်နှင့် သာသနာ့သီရိ ဘုန်းကြီးကျောင်း အပါအဝင် သာသနိက အဆောက်အအုံများ ထိခိုက်ပျက်စီးသွားခဲ့ သည်။

လက်နက်ကြီးဖြင့် ၆ လုံးခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ရှင်ဓာတ်ဝဲဘုရားဝင်းထဲသို့ ကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး နောက်ထပ် တစ်လုံးမှာမူ ဘုရားအနီးရှိ သာသနာသီရိကျောင်းတိုက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ သည်။

စစ်ကောင်စီ လက်အောက်ခံ အမြောက်တပ်က မောင်မယ်ရှောင်ကျေးရွာ တဝိုက်ကို လက်နက်ကြီးများဖြင့် မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းကတည်းက ပစ်ခတ်နေခြင်းဖြစ်ပြီး ညနေ ၃ နာရီခွဲ အချိန်ခန့် အထိ လက်နက် ကြီး ငယ် ပစ်ခတ်သံများကြားနေရဆဲ ဖြစ်ကြောင်း ရွာသားများက ဆိုသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၂၈ ရက်နေ့ကလည်း မောင်မယ်ရှောင်ကျေးရွာမှ လူနေအိမ်များ ကြားထဲ၌ စစ်ကောင်စီ တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက် ကွဲခဲ့ခြင်းကြောင့် နေအိမ်တစ်ဆောင် ထိခိုက် ပျက်စီးခဲ့သေးသည်။