တနင်္သာရီမြို့နယ်တွင် လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်။
တနင်္သာရီမြို့နယ်၊ လယ်တောင်ယာကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးသွားသည်။
စစ်ကောင်စီတပ်မှ အကြောင်းမဲ့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် အိမ်နံဘေးနား ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၆ နှစ်အရွယ် ဒေါ်ကင်းဆိုသူ ညာဘက်လက်ချောင်းများနှင့် ဂျိုင်းအောက်နံရိုးများအကြား ကျည်စများ ထိမှန်ကာ ဒဏ်ရာရခဲ့ သည်။
ဆွေမျိုးတော်စပ်သူ တစ်ဦးက “အခြေအနေကအတော်ဆိုးဆိုးရွားရွားဖြစ်တာ။မြင်ရက်စရာမရှိဘူး။လက်ခလယ်မှာဆိုအရိုးကျိုးပြီးအသားစတွေဖွာထွက်နေတာ။နံရိုးထိတဲ့ဒဏ်ရာကပိုဆိုးတယ်” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ မတ်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကျည်စထိမှန်ခဲ့သည့် ဒဏ်ရာများကြောင့် တနင်္သာရီမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ကုသမှု ချက်ချင်းခံယူခဲ့သော် လည်း စိုးရိမ်ရသည့် အခြေအနေများကြောင့် မြိတ်မြို့ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ရာ ည ၁၀ နာရီခွဲ အချိန်တွင် သေဆုံး သွားခဲ့သည်။
လယ်တောင်ယာကျေးရွာနှင့် တမုတ်ချုံးကျေးရွာအကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ မတ်လ ၂၅ ရက်နေ့တွင် စစ်ဆေးရေးဂိတ်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီးနောက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
စစ်ဆေးရေးဂိတ်ဖွင့်ပြီးသည့်နောက် စစ်ကောင်စီတပ်မှ အဆိုပါ ဂိတ်အနီးတဝိုက်ကို လက်နက်ကြီးဖြင့် နေ့တိုင်း နီးပါး ပစ်ခတ်နေခဲ့ကြောင်း ရွာသားများက ဆိုသည်။
စစ်ဆေးရေးဂိတ် မဖွင့်ခင်ကတည်းကလည်း တနင်္သာရီမြို့၊ လယ်တောင်ယာ ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိပြီး လူနေအိမ်များ၊ အဆောက်အအုံများ၊ ဥယျာဉ်ခြံများ ထိခိုက် ပျက် စီးခဲ့ပြီး အရပ်သားများပါ ထိခိုက်ဒဏ်ရာ ရခဲ့သည်။
မတ်လ ၁၄ ရက်နေ့ကလည်း တနင်္သာရီမြို့ ဆေးရုံမှ လယ်တောင်ယာကျေးရွာသို့ ပြန်လာသည့် သူနာပြု ဆရာမ တစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့မှာ စစ်ကောင်စီက ပစ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ကာ ဒဏ်ရာ အပြင်း အထန်ရရှိခဲ့ပြီး ယနေ့အချိန်ထိ မြိတ်မြို့စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရသည်။