မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ် လမ်းတလျှောက်က စစ်တပ်စခန်းပေါင်း ၆၀ နီးပါးကို KIA သိမ်းယူထား
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်။ မတ်လ ၃၁ ရက်နေ့။
ကချင်ပြည်၊ မြစ်ကြီးနား-ဗန်းမော်- လွယ်ဂျယ် လမ်းတလျှောက်က တိုက်ပွဲများထဲ စစ်ရေးအရ အရေးပါသော စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၆၀ နီးပါးကို ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်းအဖွဲ့တို့က သိမ်းယူထားပြီး ဖြစ်သည်။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ၃ ပတ်ကျော်အကြာ တိုက်ပွဲထဲ စစ်ကောင်စီ၏ စခန်းကြီးငယ်ပေါင်း ၆၀ နီးပါးကို သိမ်းယူထားနိုင်ပြီဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“စုစုပေါင်းကတော့ ၅၆-၅၈ လောက်ရှိပါပြီ။ အဓိကတော့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတကြောလုံးနဲ့ အဲ့ဒီလွယ်ဂျယ်-ဗန်းမော် ကားလမ်း အဲ့ဒီ လွယ်ဂျယ်အပေါ်က တောင်ကုန်းပေါ်က စခန်းတွေဖြစ်ပါတယ်။ ကျနော်တို့ လိုင်ဇာဘက်က ဟို နာဖော့တို့ လိုင်စင်တို့ပေါ့နော် အဲ့ဒီစခန်းတွေလည်း ပါ ပါတယ်။”
မတ်လ ၇ ရက်နေ့က စတင်လိုက်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးဝန်းကျင်က စစ်ရေးတင်းမာ မှုများမှာ ယနေ့အချိန်ထိ တင်းမာနေဆဲဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မြစ်ကြီးနား -ဗန်း မော် – လွယ်ဂျယ် လမ်းတစ်လျှောက်က စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော စခန်းကုန်းများကို လက်လွှတ်ခဲ့ရသည်။
ယခု သိမ်းယူထားသော စခန်းများမှာ စစ်ရေးအရ အရေးပါသလို တချိန်က KIO/KIA ၏ တပ်စခန်းများ ဖြစ်သည်။
၂၀၁၁ တကျော့ပြန်တိုက်ပွဲအပြင် ယခင်က လက်လွှတ်ဆုံးရှုံးခဲ့ရသော တပ်စခန်းများ ဖြစ်သည်ဟု ဗိုလ်မှူး ကြီးနော်ဘူက ဆက်ပြောသည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း သိမ်းယူထားသည့် ယောယုံတပ်စခန်း၏ စစ်ရေးအရ အရေးပါပုံနှင့် ပတ်သက်၍လည်း ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ဆက်ပြောသည်။
“အရေးကြီးပါတယ်။ လွယ်ဂျယ်ရဲ့ လုံခြုံရေးယူတဲ့ ဗျူဟာကုန်းလည်း ဖြစ်ပါတယ်။ နောက် လွယ်ဂျယ်နဲ့ ဗန်း မော်သွားတဲ့ ကားလမ်းရဲ့ လုံခြုံရေးလည်း ဖြစ်တယ်။ ပြောမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဒီမိုင်ဂျာယန်ကိုလည်း ခြိမ်းခြောက်တဲ့ ဗျူဟာကုန်း စခန်းကြီး ဖြစ်ပါတယ်။ တော်တော်လေး ဗျူဟာကျတဲ့ စခန်းဖြစ်ပါတယ်။ သမိုင်းကြောင်းနဲ့ ပြောမယ်ဆိုရင်လည်း အရင်က ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ အားလုံးစုပြီး အဲ့ဒီ ယောယုံ စခန်းကို တိုက်ဖူးပါတယ်။ သူတို့လည်း တခါတလေတော့ ကျသွား ကျနော်တို့ပြန်ထိုင်၊ သူတို့ပြန်ထိုင် အဲ့လိုနေ ရာ ဖြစ်ပါတယ်။”
မတ်လ ၇ ရက်နေ့ကစတင်၍ ယနေ့အချိန်ထိ ဆက်တိုက် စခန်းများ စွန့်လွှတ်ခဲ့ရသည့် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ် မဆင်နိုင်တော့ဘဲ လေကြောင်း ထိုးစစ်သုံး၍ စခန်းများ ပြန်လည်ရရှိနိုင်ရေး ကြိုးစားနေသည်။
ဗိုလ်မှူးကြီးနော်ဘူက “မြေပြင်တိုက်ပွဲကတော့ ငြိမ်နေပါတယ်။ မရှိသလောက် ဖြစ်နေပါပြီ။ ဒါပေမယ့် စကစ ဘက်ကတော့ လေကြောင်းနဲ့ ဗုံးကြဲတာတွေ ရှိပါတယ်။ ဥပမာ မြို့သစ်၊ ကုန်းလော ဒီနေ့ (၃၁ ရက်နေ့)လည်း ဗုံးကြဲတယ်လို့ ကြားရတယ်” ဟု ပြောသည်။
မတ်လ ၃၁ ရက်နေ့တွင်လည်း လွယ်ဂျယ်နှင့် ဗန်းမော်ကြားက စိန်လုံစခန်းကုန်းကို သိမ်းပိုက်ရယူနိုင်ရေး KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိနေသလို လွယ်ဂျယ်မြို့ကလည်း ဒေသခံများကိုလည်း မြို့ထဲမှ ထွက်ပေးဖြို့ KIA ဘက်က သတိပေးထားသည်ဟု ဒေသခံများက ပြောသည်။
လွယ်ဂျယ် ဒေသခံ အမျိုးသမီးတစ်ဦးက “ကျမတို့ အခု နေ့လည် ၁ နာရီ ၂ နာရီလောက်မှာပဲ ထွက်ဖို့ပြင်နေရ တယ်။ KIA က လှမ်းပြီးပြောတယ်။ အားလုံးထွက်ပေးကြဖို့ကို။ ဘယ်နေရာကို သွားမယ်ဆိုတာကိုတော့ လုံခြုံ ရေးအရ ပြောလို့မရဘူး။ ပြည်သူတွေအကုန်လုံး ပစ္စည်းသိမ်းနေကြတယ်။ တချို့ အမျိုးသားတွေတော့ မြို့ စောင့် အနေနဲ့ နေခဲ့ကြမယ်” ဟု ပြောသည်။
မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ လွယ်ဂျယ်မြို့အနီးဝန်းကျင်တွင် ရှိသော စစ်ရေးအရ အရေးပါသည့် စစ် ကောင်စီတပ်၏ ယောယုံ ဗျူဟာတပ်စခန်းကုန်း အပါအဝင် မဒမ်ဘွမ် တပ်စခန်း၊ လော့မွန်တပ်စခန်း၊ ငှဂရန်း တပ်စခန်း၊ ဘန်ယောင်းတပ်စခန်း၊ ရှန်တိုင်တပ်စခန်း၊ လော့ဒန်တပ်စခန်းနှင့် အခြားသော စခန်းငယ်များကိုပါ KIA နှင့် ပူးပေါင်း အဖွဲ့တို့က သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။
အလားတူ မိုးမောက်မြို့နယ်ထဲက မြို့သစ်၊ ကုန်းလော စခန်းကုန်းတို့ အပါအဝင် KIO ဌာနချုပ်ဟောင်း လိုင်စင် အနီးဝန်းကျင်က နာ့ဖော့၊ ပါဂျောင် စခန်းတို့အပြင် စခန်းပေါင်း ၆၀ နီးပါးကို KIA နှင့် ပူးပေါင်းအဖွဲ့တို့က သုံးပတ် တာ ကာလအတွင်း သိမ်းယူထားပြီး ဖြစ်သည်။