ဖျာပုံထောင်ဆူပူမှု ပစ်ခတ်နှိမ်နင်းခံရပြီး အကျဉ်းသား ၁၇ ဦးထက်မနည်း ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်။

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့အကျဥ်းထောင် ဆူပူမှုအပေါ် ထောင်အာဏာပိုင်များက ပစ်ခတ်ဖြိုခွင်းခဲ့ရာ နိုင်ငံရေး အကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

မတ်လ ၃၁ ရက်နေ့၊ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ ထောင်ဆူပူမှုကို ထောင်အာဏာပိုင်များက ပစ်ခတ်ဖြို ခွင်းခဲ့ခြင်း ဖြစ်သည်။

အကျဉ်းဦးစီးနှင့်နီးစပ်သူတစ်ဦးက “ထောင်အာဏာပိုင်တွေရော ရဲတွေ စစ်သားတွေရောက ပစ်ခတ်နှိမ်နင်းတာ ပါ။ ထောင်အာဏာပိုင်တွေက စစ်သားတွေကို ခေါ်လိုက်တာလို့ ပြောတယ်။ ဖြစ်တာကတော့ အကျဉ်းသားတွေ နဲ့ ထောင်ဝန်ထမ်းတွေ ပြဿနာဖြစ်တာ။ အဲ့ကနေ ဆူပူမှုတွေဖြစ်တာပေါ့” ဟု ပြောသည်။

ထောင်အာဏာပိုင်များက ၎င်းတို့အား အကျဉ်းသားများက ထိခိုက်အောင်ပြုလုပ်ခဲ့သည်ဟု ဆိုကာ စစ်ကောင်စီ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ခေါ်ယူကာ ပစ်ခတ်နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဖျာပုံအကျဉ်းထောင်အတွင်းရှိ အကျဥ်းသားအချို့က ထောင်တံခါးမကြီးအား စီးနင်းရန် ကြိုးစားခဲ့ကြ သဖြင့် စစ်ကောင်စီတပ် နှင့် ရဲများက သေနတ်ပစ်ဖောက်ကာဖြိုခွင်းခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိ နေသည်။ သို့သော် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။

သို့သော် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ထောင်အာဏာပိုင်များ၏ ပစ်ခတ်ဖြိုခွဲခဲ့မှုကြောင့် နိုင်ငံရေး အကျဥ်း သားများ အပါအဝင် အကျဥ်းသား ၁၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့သည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူ အချို့က အတည်ပြုပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်ထဲ ထောင်ဝန်ထမ်းတစ်ဦး အပါအဝင် အကျဉ်းသား ၁၇ ဦးမှာ ဆေးကုသမှု ခံယူနေရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“ထောင်ထဲက ဆေးရုံမှာလို့တော့ ကျနော်တို့ သတင်းရထားတယ်။ နိုင်ကျဉ်းတွေလည်းပါတယ်။ ဒဏ်ရာ ရတဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူး။ ဆေးကုသမှု ခံယူနေကြရတယ် ဆိုတာကတော့ သေချာတယ်။ နောက်ပြီး ထောင်ကိုလည်း ပိတ်လိုက်ပြီ။”
ထောင်အာဏာပိုင်များက ထောင်ဆူပြီး ထောင်ဖောက်ရန် ကြိုးစားခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်ပွား ခဲ့ရခြင်း ဖြစ်သည်ဟု သတင်းလွှင့်နေကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။