လဝက ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်။ 

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို အလစ် ငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူ က ပြောသည်။

လောင်းလုံးမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနရုံးတွင် တပ်စွဲထားသည့် စစ် ကောင်စီ တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဧပြီလ ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်က အလစ်ငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပကဖ အဖွဲ့ တာဝန်ရှိသူက သူတို့ ဘန်ကာတွေကို ဝင်ပစ်တာ၊ အထဲကနေ စက်သေနတ်တွေနဲ့ ပြန်ပစ်တယ်။ နှစ် ဖက် အပြန်အလှန် ပစ်တာမိနစ်လေးဆယ်လောက်ကြာတယ် ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် လောင်းလုံး ရဲစခန်းဘက်မှလည်း ၆၀ မမ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ လယ်ကွင်းများထဲကို  ပစ်ခတ်ခဲ့သေးကြောင်း အဆိုပါ ပကဖ အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး ၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များဘက်မှ ထိခိုက်မှုမရှိခဲ့ဘူးဟု ဆိုသည်။

တိုက်ခိုက်ခံခဲ့ရသည့် လောင်းလုံးမြို့နယ် လ.ဝ.က ရုံးကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် မေလအတွင်းကလည်း ထားဝယ် ပြောက်ကျားတပ်ဖွဲ့နှင့် ထားဝယ်နဂါးတပ်ခွဲ – ၅ တို့ ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် (ဒု) ဦးစီးမှူး တစ်ဦး သေဆုံးခဲ့ဖူးသေးသည်။

တိုက်ခိုက်ခံရပြီးသည့် နောက်ပိုင်းတွင် လ.ဝ.က ရုံးအပါအဝင် မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ ထားဝယ်မြို့ပေါ်သို့ တဖြည်းဖြည်း ပြောင်းရွှေ့ခြင်းများ လုပ်ဆောင်နေခဲ့သည်ကို တွေ့မြင်ရ သည်ဟု မြို့ခံများက ပြောသည်။

လ.ဝ.က ရုံး တိုက်ခိုက်ခံရပြီးနောက် ညပိုင်းတွင် လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်အစပ်တွင် ရှိသည့် ဒေါင်း ရှောင်ကျေးရွာနှင့် ပိန်းရှောင်ကျေးရွာများဘက်သို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာခြင်းကြောင့် ညတွင်းချင်း စစ်ဘေးရှောင်ခဲ့ရသည်ဟု ရွာသားများက ဆိုသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ် ရဲစခန်းပတ်လည်ရှိ လူမနေသည့် နေအိမ်များနှင့် မြို့လယ်ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားသည့်အပြင် မြို့အနီးရှိ လက်သည်းရှည်တောင်တွင်လည်း တပ်စွဲထားသေးသည်ဟု ဒေသခံများက ပြောသည်။