PNLA ဒု ဥက္ကဌ နေအိမ်အပါအဝင် အရပ်သား နေအိမ် ၈ လုံး မီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅ ရက်။ 

PNLA ဒု ဥက္ကဋ္ဌ နေအိမ် အပါအဝင် အရပ်သား နေအိမ် ၈ လုံး မီးရှို့ခံရလိုက်ရသည်ဟု ဒေသခံ ပြည်သူများက ပြောသည်။

ရှမ်းပြည် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာတွင် လူနေအိမ် ၈ လုံးအား ပအိုဝ်းပြည်သူ့စစ် (PNA) က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဒုဥက္ကဋ္ဌ အိမ်ကို သူတို့ ပြောတာက တော်လှန်ရေးကို လုပ်ချင်ဦး၊ တော်လှန်ရေးကို ဦးဆောင်တဲ့သူတွေရဲ့ အိမ်ပဲ ဆိုပြီးတော့မှ ဖြိုချ ဖျက်ဆီးခဲ့တာပေါ့လေ။ ပြီးတော့ တချို့အိမ်ကတော့ ကျနော်တို့ ရဲဘော်တွေရဲ့ မိဘပိုင်တဲ့အိမ်၊ ရဲဘော်တွေ ပိုင်တာလည်း မဟုတ်ဘူးပေါ့နော် ဟု ပြောသည်။ 

မီးရှို့ဖျက်ဆီးခံလိုက်ရသည့် နေအိမ်များမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ဒု-ဥက္ကဋ္ဌ နှင့် တပ်ဖွဲ့ဝင်များ ပိုင်ဆိုင်ကြပြီး အရပ်သား နေအိမ် ၃ လုံးလည်း ပါဝင်သည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။

ခွန်ရိန်းယံက အဲ့လိုမျိုးအိမ်ကို သူတို့ ပြောတာက ခင်ဗျားတို့က ဒီလို သားသမီးတွေ မွေးလာလို့ သူတို့က တော် လှန်ရေး လုပ်နေတာဆိုပြီး ဖျက်ဆီးတာပေါ့နော်။ မိဘဆိုတာက ကိုယ့်သားသမီး မွေးလာရင် ဘာလုပ်ပါ ညာ လုပ်ပါ ညွှန်ကြားလို့မှ မရတာ။ တော်လှန်ရေးလုပ်မယ့်သူကို မမွေးချင်ဘူး။ အဲ့လိုမျိုး ရွေးချယ်လို့လည်း မရ ဘူးလေနော်။ သားသမီးကလည်း ကြီးလာရင် ကိုယ့်လမ်းကိုယ် လျှောက်ကြတာပဲလေနော်။ အဲ့ဒါကို သားသမီး က ဒီလိုလုပ်လို့ မိဘကို ဒီလိုလုပ်မယ် ဆိုတာက တော်တော် အောက်တန်းကျတဲ့ လုပ်ရပ် ဖြစ်တယ် ဟု ပြော သည်။

ဧပြီလ ၂၁ ရက်နေ့၊ နေ့လည် ၁၂ နာရီ အချိန်ခန့်တွင် နေအိမ် ၇ လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၆ နာရီခန့်တွင် နောက်ထပ် နေအိမ် တစ်လုံးအား ထပ်မံ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

မီးရှို့ခံရသည့် အထဲတွင် PNLA တာဝန်ရှိသူများ၏ နေအိမ် ၅ လုံးမှာ ခေတ်ကာလ ပေါက်ဈေးအရ တန်ဖိုးငွေ သိန်း ၅,၀၀၀ ကျော်ခန့်၊ ကုန်စုံဆိုင်နှင့် တွဲရက်ဖွင့်ထားသည့် အရပ်သားနေအိမ် ၃ လုံးမှာ သိန်း ၃၀,၀၀၀ ကျော်ခန့် အသီးသီး တန်ဖိုးများရှိပြီး နေအိမ်တွင်းရှိ အဖိုးတန်ပစ္စည်းများကိုလည်း PNA က သိမ်းဆည်းသွားခဲ့သည်ဟု အိမ်နီးချင်းများ၏ ပြောပြချက်အရ သိရသည်။

PNA အနေဖြင့် ယခုကဲ့သို့ ကျူးလွန်သော်လည်း တော်လှန်ရေးအား မထိခိုက်စေသည့်အပြင် ပို၍ တော်လှန် လိုစိတ် ပြင်းပြလာနိုင်သည်ဟု ခွန်ရိန်းယံက သုံးသပ်သည်။

သူတို့က ဒီလိုမျိုး နေအိမ်တွေကို ဖြိုချဖျက်ဆီးတယ်။ မီးရှို့တယ်ဆိုတာ သူတို့ လုပ်လို့ရတဲ့ဟာပေါ့လေ။ တော် လှန်ရေးသမားတွေ ဆိုတာက စစ်အာဏာရှင်ကို တော်လှန်နေတဲ့သူတွေဟာ ကိုယ့်အသက်ကိုတောင်မှ စွန့်ထား တဲ့သူတွေ ဖြစ်တယ်။ ဒီလိုမျိုး တော်လှန်ရေးသမားနဲ့ မသက်ဆိုင်တဲ့ မိဘပိုင်ဆိုင်တဲ့အိမ်ကို ဖျက်ဆီးတယ်ဆိုတာ သူတို့ကို မထိခိုက်စေနိုင်ပါဘူး။ သူတို့ ဒီလိုမျိုးလုပ်လေ တော်လှန်လိုစိတ်က ပိုပြီးပြင်းထန်လာလေ ဖြစ်တယ်။

PNA တပ်ဖွဲ့ဝင်များသည် နားခိုက်ကျေးရွာနေ ပြည်သူများအား တော်လှန်ရေးတွင် ပါဝင်ပါက စစ်မှုထမ်း ခေါ်ယူ သွားမည့်အပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့သေးသည်။

ဆီဆိုင်တိုက်ပွဲ စတင်သည့် ဇန္နဝါရီလ နောက်ဆုံးပတ်မှစ၍ ဧပြီလ ၁၃ ရက်နေ့အထိ စစ်ကောင်စီ၊ PNA ပူးပေါင်း တပ်များ၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ပအိုဝ်းဒေသအတွင်း လူနေအိမ် ၅၅၂ လုံး ပျက်စီးခဲ့သည်ဟု ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ထုတ်ပြန်ထားသည်။