ဆီဆိုင်စစ်ရှောင်အချို့ စစ်တပ်၏ ဖိအားပေးမှုကြောင့် နေရပ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်။
စစ်ကောင်စီ၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် နေရပ်ပြန်ကြသည့် ဆီဆိုင်ဒေသခံအချို့ ရှိနေသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ပြောသည်။
ရှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)တို့ အကြား တိုက်ပွဲများကြောင့် ၃ လကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဆီဆိုင်ဒေသခံ ပြည်သူများကို နေရပ်တွင် ပြန်နေကြရန် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့အဖွဲ့ PNA က ဖိအားပေးပြောဆိုမှုများ ရှိနေသည်။
ထိုသို့ ဖိအားပေးမှုများကြောင့် နေရပ်ကို ပြန်လာနေကြသည့် ဒေသခံအချို့ရှိနေပြီး တစ်ဖက်တွင်လည်း ထပ်ပြီး စစ်ဘေးရှောင်နေကြရသည့် သူများရှိနေသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) တာဝန်ရှိသူ တစ်ဦးက ပြော သည်။
“ဒီ ဆီဆိုင်ကျေးရွာရဲ့ အနီးတစ်ဝိုက်ပေါ့ အထူးသဖြင့် ဆီဆိုင်ရဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေ အဲ့ဘက် တစ်ကြောမှာတော့ အခုလောလောဆယ်မှာတော့ မြေပြင် တိုက်ပွဲ တည်ငြိမ်နေတယ်။ နောက်ပြီးတော့မှ လက် နက်ကြီး ပစ်ခတ်မှုကလည်း နည်းလာတာ တွေ့ရတယ်ပေါ့နော်။ နောက်ပြီးတော့မှ စစ်ကောင်စီနဲ့ PNA တို့ ဘက်ကလည်း ဒေသခံတွေ ကိုယ့်ရဲ့နေရပ်၊ ကိုယ့်ရဲ့နေအိမ်မှာ ပြန်လာနေဖို့ လှုံဆော်တဲ့ ကိစ္စတွေ ဖိအားပေးတဲ့ ကိစ္စရပ်တွေလည်း ရှိတယ်ပေါ့နော၊ အဲကြောင့်မလို့ ဒေသခံ ပြည်သူတွေကတော့ ပြန်လာပြီးနေတဲ့ ကိစ္စရပ်မျိုး တွေ ရှိတယ်ပေါ့နော်။”
စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့အဖွဲ့ PNA က ဖိအားပေးပြောဆိုမှုများကြောင့် တစ်ပတ်အတွင်း ဆီဆိုင်ဒေသခံ ၂၅ ရာခိုင်နှုန်းခန့်သည် နေရပ်ကို ပြန်လာကြသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) တာဝန်ရှိသူက ဆက် ပြောသည်။
“ပြီးခဲ့တဲ့ ၄ရက်နေ့အထိကတော့ နည်းတယ်လို့ ပြောလို့ရတယ်၊ အခုဒီ၅ရက်၆ရက် ဒီနှစ်ရက်အတွင်းမှာတော့ ပြန်လာတဲ့သူတွေ များလာတာကို တွေ့ရတာပေါ့လေ၊ ရာခိုင်နှုန်း အားဖြင့်တော့ ၂၀-၂၅ရာခိုင်နှုန်းတော့ ပြန်လာ တာ တွေ့ရတယ်။”
နေရပ်ကို ပြန်လာနေထိုင်ကြသည့် ကျေးရွာများမှာ ဆီဆိုင်မြို့အနီးတစ်ဝိုက်က ကောင်းမှုစွာ၊ ထီမန်းကျေးရွာတို့ ဖြစ်ပြီး ဘုရားဖြူ၊ ဟော်တောင်၊ ဟော်မြောက်ဒေသခံ ပြည်သူ အနည်းအကျဉ်း ပြန်လာနေထိုင်သည်ဟု PYO က မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
တစ်ဖက်တွင်လည်း ဆီဆိုင်မြို့ တောင်ဘက်ခြမ်းရှိ နောင်ထွေး၊ နောင်ရင်၊ နောင်ခလောက်၊ ကောင်ထို၊ ကန်တော် လေး၊ ယကန်းလေး၊ ရေဖြူ၊ အောက်လက် အစရှိသည့် ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးများ နှင့် ခပ်စိပ်စိပ် ပစ်ခတ်မှုများ လုပ်လာသည့်အတွက် ဒေသခံများ ပြန်လည် တိမ်းရှောင်နေကြရသည်ဟု PYO တာဝန်ရှိသူက ပြောသည်။
“တစ်ဖက်မှာလည်း ပြန်ပြီးတော့မှ ထွက်ပြေးတိမ်းရှောင်ကြ ရတဲ့ ကျေးရွာတွေလည်းရှိတော့ စစ်ရှောင်ဦး ရေကတော့ ကနေ့အချိန်ထိကတော့ ဆီဆိုင်မြို့နယ်အနေနဲ့ ပြော ရမယ်ဆိုရင် လျှော့ကျသွားတာ မရှိသေးဘူး။ ဆီဆိုင် မြို့နယ်ရဲ့ စစ်ရှောင်ဦးရေက ပြန်တိုးလာတယ်ပေါ့လေ အဓိကအကြောင်းအရင်းကတော့ ဆီဆိုင်မြို့ရဲ့ တောင် ဘက်အခြမ်းမှာ မြေပြင်တိုက်ပွဲ ပြန်ပြီး ပြင်းထန်လာတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှု တွေ ခပ်စိပ်စိပ် ပြန်ဖြစ်လာတယ်ပေါ့။ အဲ့ကြောင့်မလို့ ဒီအရှေ့ တောင်ဘက် ခြမ်းကကျေးရွာ ၁၀ ရွာနီးနီး ပြန်ပြီးတော့မှ ထပ်ပြီး တိမ်းရှောင်နေကြရတယ်ပေါ့လေ။”
အဆိုပါ ဒေသခံများမှာ ဆီဆိုင် မြောက်ဘက်ခြမ်းကို ဦးတည် ထွက်ပြေးတိမ်းရှောင်ကြရခြင်းကြောင့်
စစ်ဘေးရှောင်ဦးရေမှာ လျော့ကျသွားခြင်းမျိုး မရှိဘဲ ပိုပြီးတိုးလာနေသည်ဟု PYO က ဆိုသည်။
ဆီဆိုင်စစ်ရှောင်အများစုမှာ ဒေသတွင်း တိုက်ပွဲများ ငြိမ်သွားသည့် နေရာများ ရှိသော်လည်း စစ်ရေး အခြေ အနေမှာ စောင့်ကြည့်နေရသည့် အခြေအနေမျိုး ဖြစ်သောကြောင့် ၎င်းတို့၏ ရပ်ရွာ နေရပ်တွင် အတည်တကျ ပြန်နေထိုင်ခြင်းမျိုး မရှိဘဲ သွားသွားပြန်ပြန် လုပ်နေကြရသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ပြော သည်။
လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တိုက်ပွဲများကြောင့် ဆီဆိုင် စစ်ဘေးရှောင်ဦးရေမှာ အယောက် ၅၄,၀၀၀ ကျော် ရှိနေပြီး ပင်လောင်း၊ ဟိုပုံး၊ ညောင်ရွှေတွင် ရှိနေသည့် စစ်ဘေးရှောင်များ အပါအဝင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း အယောက် ၇၂,၀၀၀ ကျော် ရှိနေသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။