မြစ်ကြီးနားမြို့တွင် စံချိန်တင်ရေမြင့်တက်လာမည်ကို ဒေသခံများ စိုးရိမ်နေရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ ည (ဇွန် ၃၀) ၁၂ နာရီမှစတင်ပြီး မြို့တွင်းနေရာ အများစု၌ ရေများ ဝင်ရောက်လာ၍ မြို့နေပြည်သူများ အနေဖြင့် စိုးရိမ်ပူပန်နေရသည်ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေး အဖွဲ့ အစည်း တာဝန်ခံများက ပြောသည်။

ပြီးခဲ့သည့် နှစ်ရက်တာအတွင်း မေခနှင့် မလိခ မြစ်ဖျားပိုင်းများတွင် မိုးစဥ်ဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ကြီး နားမြို့၊ ဧရာဝတီမြစ်ကမ်းဘေး မြေနိမ့်ပိုင်းနေရာများသို့ မြစ်ရေများ တဖြည်းဖြည်း ဝင်ရောက်လာပြီးနောက် မြို့တွင်းနေရာအများစု၌ ရေကြီးနေခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့နေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ရေက ခေါင်မိုးထိတော့မယ်။ ဘယ်အဖွဲ့မှ လာမ ကယ်ပေးဘူး။ သောက်‌ရေတောင် မရှိတော့ဘူး။ ရေတက်လာတော့ မြွေတွေလည်း အိမ်ထဲဝင်လာတယ်။ တစ် ကောင်လည်းမဟုတ် နှစ်ကောင်လည်းမဟုတ် အများကြီးပဲ။ ရေနစ်မသေရင် မြွေကိုက်သေမှာပဲ ကြောက်နေ ရတယ် ဟု ပြောသည်။

လတ်တလောတွင် ရှမ်းစုတောင်/မြောက်၊ မြို့မ၊ မြို့သစ်၊ မင်းရပ်၊ ရွှေစက်၊ တပ်ကုန်း၊ ဧရာ၊ သီတာ၊ ယုဇန၊ မြေမြင့်၊ အောင်နန်း၊ ဒူကထောင်၊ ရန်ကြီးအောင်၊ ပမ္မတီး၊ မန်ခိန်၊ စီတာပူ၊ အေးစေတီ၊ ခေမာသီရိ စသည့် ရပ် ကွက်များတွင် အနိမ့်ဆုံးအိမ် အောက်ထပ်အထိ ရေဝင်ရောက်နေပြီး အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုရှိ သည်ဟု မြို့နေပြည်သူများက ပြောသည်။

ကျန်သည့် လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ရမ်ပူ၊ ကျွန်းပင်သာ၊ ကချင်စု၊ ရွှေညောင်ပင် စသည့် ရပ်ကွက် များအနေဖြင့် ရေအနည်းငယ်သာ ဝင်ရောက်သေးသော်လည်း ရေထပ်မံတက်လာမည့် အခြေအနေရှိသဖြင့် ရပ်ကွက်နေပြည်သူများက စိုးရိမ်ပူပန်နေကြသည်ဟု ဆိုသည်။

မြစ်ကြီးနားမြို့တွင်း ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ရန်ကြီးအောင်၊ မြို့သစ်၊ ယုဇန၊ အောင် နန်း၊ မြို့မ အဲ့ဒီရပ်ကွက်တွေက အရင်နှစ်တွေက ရေဘယ်လောက်ကြီးကြီး ရေမဝင်ကြဘူး။ အခုက အဲ့ဒီရပ် ကွက်တွေပါ ‌အောက်ထပ်ရေရောက်နေပြီဆိုတော့ စိုးရိမ်ရတယ်။ ကယ်ဆယ်ရေးအင်အားနဲ့ ကယ်ရမယ့် လူ အရေအတွက်က ဘယ်လိုမှမမျှဘူး။ ဖုန်းတဂွမ်ဂွမ် ဆက်နေရင် ပိုပြီးအကြပ်ရိုက်တယ်။ ခရီးမရောက်တော့ ဘူး။ တစ်အိမ်ချင်းတော့ ကယ်ဆယ်ရေး ဆောင်ရွက်သွားမှာပါ ဟု ပြောသည်။

အလားတူ မိုးစဥ်ဆက်မပြတ် ရွာသွန်းမှုကြောင့် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင် စသည့် မြို့များတွင်လည်း ကုန်းမြင့်ရပ်ကွက်များ၌ ရေများစတင်ဝင်ရောက်လာပြီး မြို့နေပြည်သူများအနေဖြင့် စိုးရိမ် ပူပန်နေကြသည်။

မြစ်ကြီးနားမြို့တွင် ၂၀၀၄ ခုနှစ်က ၁၄၀၇ စင်တီမီတာအထိ စံချိန်တင် ရေမြင့်တက်ခဲ့ဖူးသည်ဖြစ်ရာ ဇွန်လ ၅ ရက်နေ့အထိ မိုးဆက်တိုက် ရွာသွန်းဦးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ကြေညာထားပြီး လက်ရှိ ၁၃၅၀ စင်တီမီတာအထိ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ၂၀၀၄ ခုနှစ်ကထက် စံချိန်ကျော်လွန်နိုင်သည် ဟု မြို့နေပြည်သူများက သုံးသပ်နေကြသည်။