မုန်တိုင်းဒဏ်နှင့် စစ်ဒဏ်ကြောင့် ရခိုင်တောင်သူများ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်။ 

ရခိုင်ပြည်နယ်‌ထဲက စစ်ရေးပဋိပက္ခ အခြေအနေများကြောင့် သီးနှံများကို ဝယ်ယူသူမရှိ၍ တောင်သူများ အခက် တွေ့နေကြသည်။

စစ်ရေးအခြေအနေများကြောင့် ‌စိုက်ပျိုးရေးကို အလေးမထားနိုင်ဘဲ ပြည်သူအများစုသည် စစ်ဘေးရှောင် နေကြ ရသည့်အတွက် ရာသီပေါ်သီးနှံများ အထွက်နှုန်းကျဆင်းကာ စိုက်ပျိုးရေးလုပ်ငန်းများ များစွာထိခိုက်ခဲ့ရသည်ဟု တောင်သူများက ပြောသည်။ 

မြောက်ဦးမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ တောင်သူတစ်ဦးက အရင်လို အသီးတွေ မထွက်တော့ဘူး။ အပင်တွေ လည်း ပင်အိုဖြစ်နေပြီ။ ဈေးလည်းမရတော့ စိုက်ပျိုးရေးကို အားမပါကြတော့တာရယ်။ မိုခါ နဲ့ စစ်ပွဲကြောင့် လည်း အပင်သစ်မစိုက်နိုင်၊ ဥယျာဉ်တွေ ဂရုမှ မစိုက်နိုင်ကြတာကိုး ဟု ပြောသည်။

စစ်ပွဲများ အပြင် ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်း ကြောင့်လည်း စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက်မလုပ်ကိုင်ခဲ့ကြဟု မြောက်ဦးဒေသခံများက ဆိုကြသည်။ 

အခြားတစ်ဖက်တွင် ဒီဇယ်ဆီဈေးနှုန်းနှင့် လမ်းပန်းဆက်သွယ်ရေး စရိတ်ကြီးမြင့်မှုများကြောင့်လည်း ကုန်သွယ် ရောင်းဝယ်‌ရေးကို ယာယီရပ်နားထားကြောင်း မြောက်ဦးမြို့မှ ရာသီပေါ်သီးနှံများ ဝယ်ယူရောင်းချသူများက ဆိုကြသည်။

မြောက်ဦးမြို့မှ ရာသီပေါ်သီးနှံများ ဝယ်ယူရောင်းချသူ ဒေါ်မေကြီးက အရင်က အသီးခင်းပိုင်ရှင်တွေက လာ ရောင်းတာ ရှိတယ်။ ကျမတို့သွားဝယ်တာရှိတယ်။ အခုတော့ ဆီဖိုးနဲ့ အမြတ်နဲ့တွက်ရင် ဘယ်လိုမှမကိုက်လို့ ကျမတို့ သွားမဝယ်ဖြစ်ဘူး။ နောက် ဆီဈေးအတက်အကျ ပေါ်မူတည်ပြီး မှ ဆက်လုပ်မယ် တွေးထားတယ် ဟု ပြောသည်။ 

လက်ရှိမှာ ကြက်မောက်သီး အလုံးရေ ၁၀၀ ကို ၁၃,၅၀၀ ကျပ်၊ ကနစိုးသီး တစ်တောင်းကို ၆,၀၀၀ ကျပ်၊ ရှောက် သီး တစ်လုံးကို ၁၀၀ ကျပ်၊ ရင်ကွဲသရက်သီး အလုံး ၁၀၀ ကို ၆၅၀၀- ၇၅၀၀ ကျပ်၊ မချစ်စု သရက်သီး အလုံး ၁၀၀ ကို ၂၀,၀၀၀ ကျပ်ဖြင့်သာ ရောင်းချနေကြရသည်ဟု တောင်သူများက ပြောသည်။ 

မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသသည် ရခိုင်ပြည်နယ်အတွင်း အခြားဒေသများထက် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့် ဒေသဖြစ်သည်။ 

ယခင်က လေးမြို့ချောင်း ဒေသထွက်သီးနှံများကို ရခိုင်ပြည်နယ်မှ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ်များကို ကုန်သွယ်ရောင်းချခဲ့သော်လည်း ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများ စတင်လာသည် နှင့် တပြိုင်နက် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများ အားလုံးကို ပိတ်ဆို့လိုက်သည်။ 

လမ်းပိတ်ဆို့မှုများကြောင့် သယ်ယူပို့ဆောင်ရေးများ ရပ်တန့်သွားရပြီး လက်ရှိအချိန်ထိ ကုန်ဈေးနှုန်းများ အဆမ တန် မြင့်တက်‌နေသည့်အတွက် တောင်သူများ အခက်အခဲ ကြုံတွေ့နေကြရခြင်း ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်နှစ် မေလ ၁၄ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့်  ငှက်ပျော ၆၀၅ ဧက၊ ကွမ်းသီးပင် ၁၃၄၅ ဧက၊ ကွမ်းရွက်ပင် ၅၈ဧက၊ ဓနိပင် ၂၃၁ ဧက၊ ကြက်ပေါင်းစေး ၅ ဧက၊ သရက် နှင့် အခြား သစ်သီးဥယျာဥ် ၁၇၀၉ ဧက၊ စုစုပေါင်း ဧကပေါင်း ၃,၉၅၃ ပျက်စီးသွားသည်ဟု စစ်ကောင်စီက ထုတ် ပြန်ထားသည့် စာရင်းများတွင် ဖော်ပြထားသည်။

ဓါတ်ပုံ – DMG