စစ်နယ်မြေက ပြည်သူများအတွက် အကူအညီပေးရန် နိုင်ငံတကာကို NUG တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။ 

စစ်နယ်မြေများရှိ ပြည်သူလူထုများအတွက် လိုအပ်နေသည့် အခြေခံ ကျန်းမာရေး စောင့်ရှောက် မှုများကို ကူညီပံ့ပိုးပေးရန် အမျိုးသားညီညွတ်ရေး အစိုးရ NUG က နိုင်ငံတကာကို တောင်းဆိုလိုက်သည်။

NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ဇူလိုင်လ ၁၀ ရက်နေ့က ပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် NUG ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက ကျနော်တို့တတွေရဲ့ ထိန်းချုပ်မှုဒေသတွေ ပိုမို ကျယ်ပြန့်လာသလို စောင့်ရှောက်မှုတွေလည်း ပိုပေး နေရတယ်။ ဆိုတာ နိုင်ငံတကာကရော ကမ္ဘာကိုရော အိမ်နားနီးချင်းတွေကိုရော သိစေလိုပါတယ်။ ဒါ့ကြောင့် ဒီ စောင့်ရှောက်မှု ပေးနေတဲ့ ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဒီ NUG ကျန်းမာရေးဌာနတို့ကို အကူအညီပေးဖို့ လိုပါတယ် ဟု ပြောသည်။

တော်လှန်ရေး ၃ နှစ်ကျော်ကာလအတွင်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် နယ် မြေ ပိုမိုကျယ်ပြန့်လာပြီး ယင်း နယ်မြေများရှိ ပြည်သူများ အတွက် လိုအပ်နေသည့် ကျန်းမာရေးစောင့်ရှောက် မှုများကို လုပ်ဆောင်နိုင်ရန် နိုင်ငံတကာ၏ အကူအညီကို လိုအပ်သည်ဟု ဒေါက်တာ ဇော်ဝေစိုးက ဆိုသည်။

ထို့အပြင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် စစ်ဘေးရှောင်ပြည်သူ သုံးသန်းကျော်ရှိနေပြီး တိုက် ပွဲ ဖြစ်ပွားနေသည့် ဒေသများတွင် စစ်ကောင်စီဘက်က ကျန်းမာရေး စောင့်ရှောက်မှုများ မပေးနိုင်ပေ။

စစ်ရေး ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် NUG နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများက ပြည် သူလူထုများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုကို ရရှိရန် လို သည်ဟု NUG က ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ ကလေးများအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို တောင်းဆိုရာမှာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ တုန့်ပြန်မှု အခြေအနေကို ဒေါက်တာ ဇော်ဝေစိုးက ယခုကဲ့သို့ ပြောသည်။

ကာကွယ်ဆေးကိုရဖို့အတွက် ကျနော်တို့ ကြိုးစားပြီးတော့ ဆွေးနွေးတာ အကြိမ်ပေါင်းများစွာ ဆွေးနွေးတာ တော်ရုံတန်ရုံမဟုတ်ဘူး လူကိုယ်တိုင်လည်းတွေ့ပြီးတော့ ဆွေးနွေးတယ်။ အွန်လိုင်းနဲ့လည်း ဆွေးနွေးတယ်။ ဒီကာကွယ်ဆေးကို အဓိက ကိုင်တွယ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အကြိမ်ပေါင်းများစွာ ဆွေးနွေးတာပါ မရဘူး။ မရတဲ့အတွက် ကျနော်တို့က ကိုယ့်အားကိုယ်ကိုးပြီး ပြည်သူမှပြည်သူသို့ ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ရဲ့ ကိုယ့်မှာ ရှိတဲ့ အခုနကရတဲ့ ရန်ပုံငွေနဲ့ ကျနော်တို့ ဝယ်ပြီးတော့ ကာကွယ်ဆေး ထိုးရတာဖြစ်ပါတယ်။

NUG မှ ရရှိနေသည့် ရန်ပုံငွေများမှ ကျန်းမာရေး ကဏ္ဍအတွက် တစ်နိုင်ငံလုံး အတိုင်းတာ အနေဖြင့် လစဉ် ဒေါ်လာ တစ်သိန်းခွဲ ရရှိနေပြီး ပုံမှန်ကူညီမှုပေးနေသည့် အဖွဲ့အစည်းများ ရှိသော်လည်း မြေပြင်တွင် ကျန်းမာ ရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေသေးသည်ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

NUG ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ရရှိလာသည့် ငွေများကို ခွဲဝေသုံးစွဲနေရသော်လည်း စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ သည် ယခင်ကထက် ပိုပြီး လိုအပ်နေသည့်အတွက် နိုင်ငံတကာက ထောက်ပံ့ကူညီပေးရန်  NUG က တောင်း ဆို သည်။