ပင်လောင်းတွင် အရပ်သားပိုင်ကားများအား ချောဆွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA)က အရပ်သားပိုင်ကားများအား ချောဆွဲအသုံးပြုနေပြီး အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ကျူူးလွန်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
ဇူလိုင်လ ဒုတိယပတ်အတွင်း ပင်လောင်းမြို့နယ်ရှိ တောင်လေး၊ ဝိုင်းလီး၊ လိန်းညား၊ ပင်ခွန် စသည့်ကျေးရွာ များမှ အိမ်စီးကားများကို ချောဆွဲ၍ ဆီဆိုင်မြို့နယ်နှင့် ကရင်နီပြည်ရှိ တိုက်ပွဲဖြစ်ပွားသည့် နေရာများသို့ ပို့ဆောင်နေခြင်း ဖြစ်သည်။
ကားပိုင်ရှင်နှင့် နီးစပ်သူ တစ်ဦးက “ကားပဲ တောင်းတာ၊ လူမပါဘူး။ ကားပိုင်ရှင်တွေက ကားပြန်မရမှာစိုးလို့ လိုက်သွားတာ။ စိတ်မချရဘူးလေ။ ခဏသုံးမယ်ဆိုပြီး ပြန်မရတာလည်း များပြီ။ အခုလည်း ကားပိုင်ရှင်တွေ လိုက်သွားတာ ၃၊ ၄ ရက်ရှိပြီ အဆက်သွယ် မရသေးဘူး” ဟု ပြောသည်။
အလားတူ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ စံကားမြို့အနီး၊ ထီရီးကျေးရွာတွင်လည်း စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်များက အရပ်သားကားများကို အသုံးပြု၍ ဘိလပ်မြေ၊ ထုံးနှင့် သဲအိတ်များ သယ်ဆောင်ပြီး ခံစစ် ပြင်ဆင်နေသည်ဟု ဆိုသည်။
ထို့အပြင် ကျေးရွာပြည်သူများအား ကတုတ်ကျင်း တူးရန် လုပ်အားပေး ခေါ်ယူခြင်း၊ မလိုက်နိုင်သူများအား ငွေကြေးကောက်ခံခြင်း၊ ကျေးရွာတွင်း အိမ်ဆောက်ပစ္စည်းဆိုင်များမှ လိုအပ်သည့် ပစ္စည်းများအား အဓမ္မ သိမ်းယူခြင်း တို့ကို ကျူးလွန်နေသည်ဟု ဆိုကြသည်။
ထီရီးကျေးရွာနေ အမျိုးသမီး တစ်ဦးက “ဆာလာအိတ် တစ်အိမ် ၂ လုံး ပေးရတယ်။ သဲထည့်ဖို့လို့ ပြောတယ်။ မရှိတဲ့အိမ်က ပိုက်ဆံပေးရတယ်။ ယောက်ကျားလေးဆိုရင် ရှိသလောက် အကုန်ထွက်ရတယ်” ဟု ပြောသည်။
ပင်လောင်းနှင့် ညောင်ရွှေရှိ ကျေးရွာများတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် အသားဟင်းဖြင့် ထမင်း ထုပ်များ နေ့စဉ် ပို့ပေးနေရပြီး ဟင်းမကောင်းသည့် အိမ်များအား ဒဏ်ရိုက်ခြင်း၊ ခေါ်ယူ သတိပေးခြင်းများ လုပ် ဆောင်နေသည်။
ကျေးရွာနေပြည်သူများမှာ အဆိုပါ ကုန်ကျစားရိတ်များအတွက် လိုအပ်သည့် ငွေကြေးရရှိစေရန် ချေးငှားပေါင်နှံ ရောင်းချ၍ ဖြေရှင်းနေရသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်၊ PNA ပူးပေါင်းတပ်များသည် ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ အင်းလေးဒေသရှိ နန့်တုတ်၊ ဟိုပန်၊ ရေပူ၊ နန့်ပွန် စသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေသောကြောင့်လည်း ကျေးရွာ နေပြည်သူ တစ်ထောင်ကျော်ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေကြရသည်။