စစ်ကောင်စီ လက်နက်ကြီးကြောင့် ထားဝယ်ခရိုင်အတွင်း ရွာသား တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ ခြင်းကြောင့် အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်နှင့် သရက်ချောင်းမြို့နယ် အကြားရှိ စစ်ကောင်စီ၏ ရွေဂူတံတား စစ်ဆေးရေးဂိတ်မှ ညောင်ဇင် ကျေးရွာဘက်သို့ ဇူလိုင်လ ၂၀ ရက်နေ့က လက်နက်ကြီး လေးချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ရွာသားတစ်ဦးက “သူက နွားလှန်ထားတာကို သွားပြန်ယူတဲ့အချိန်မှာ ကံဆိုးပြီး ရင်ဘတ် ကို ကျည်ထိမှန်ပြီး ပွင့်ထွက်သွားတာ နေရာမှာ ပွဲချင်းပြီးဆုံးသွားတယ်” ဟု ပြောသည်။
ညောင်ဇင်ကျေးရွာရှိ အထက်တန်း ကျောင်းအနီးကို လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အနီး ရှိ လယ်ကွင်းထဲက အသက် ၆၀ အရွယ် ညောင်စင်ရွာသား ဦးမျိုးလွင်ကို ထိမှန်ခဲ့ခြင်း ဖြစ်သည်။
လက်နက်ကြီးပစ်ခတ်ခံရသည့် အချိန်တွင် ညောင်ဇင်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း၌လည်း စစ်ကောင်စီက တပ်သား အယောက် ၆၀ ဦးနီးပါးခန့် ရောက်ရှိနေသည်ဟု ရွာသားများက ဆိုသည်။
လက်နက်ကြီး ပစ်ခတ်လိုက်သည့် ရွေဂူတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် ညောင်ဇင်ကျေးရွာမှာ မိုင်ဝက် ခန့်သာ ကွာဝေးသည်။
စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာထဲရောက်နေချိန် လာရောက် တိုက်ခိုက်ခံရမှာကို စိုးရိမ်သောကြောင့် ရွာအပြင် ဘက်က နေရာများကို လက်နက်ကြီးနှင့် ခြောက်လှန့်ပစ်ခတ်နေခြင်း ဖြစ်နိုင်သည်ဟု ရွာသားများက ပြောသည်။
ညနေပိုင်းတွင် စစ်ကောင်စီတပ်က ညောင်ဇင်ကျေးရွာအတွင်း လှည့်လည်သွားလာကာ လူငယ်များအား ခေါ်ယူ မေးမြန်း စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သောခြင်းကြောင့် ရွာသားအများအပြားမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်း နေကြရသည်ဟု ရွာသားတစ်ဦးက ဆိုသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းများ ယခင်ကလည်း လုပ်ဆောင်ခဲ့ဖူးပြီး လူသေဆုံးမှုများလည်း ရှိခဲ့ဖူးသည်ဟု ရွာသားများက ဆို သည်။