စစ်ကောင်စီ တပ်ဖွဲ့များအနီး ပြည်သူနှင့် ပူးပေါင်းရန် တိုက်တွန်းစာ ချိတ်ဆွဲပြီး ကြွေးကြော်သံများ ဟစ်အော်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။
လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသောနေရာ အနီး၌ ပြည်သူ့ရင်ခွင်တွင် ခိုလှုံကြရန် တိုက်တွန်းလှုံ့ဆော်ထားသည့် စာတန်းပါ ဘန်နာတစ်ခုကို ချိတ်ဆွဲထားခဲ့သည်ဟု ထားဝယ်ခရိုင် သပိတ်ကော်မတီ
တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များ ယာယီတပ်စွဲထားသည့် လောင်းလုံးမြို့နယ်၊ မြခါးပတ်ကျေးရွာက ဘုန်းကြီးကျောင်းအနီး ၌ “ဖက်စစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ” ဆိုသည့် ဘန်နာကိုချိတ်ဆွဲပြီး ကြွေးကြော်သံများနှင့်အတူ ထားဝယ်ခရိုင် သပိတ်ကော်မတီမှ ဇူလိုင်လ ၂၂ ရက်နေ့တွင် သွားရောက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်နေရာနှင့် သွားရောက်လှုပ်ရှားခဲ့သည့် နေရာမှာ ကီလိုမီတာဝက်ခန့်သာ အကွာအဝေးရှိသည်ဟု ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် တာဝန်ရှိသူ ကိုမင်းလွင်ဦးက ပြောသည်။
ကိုမင်းလွင်ဦးက “ဘန်နာကပ် လှုပ်ရှားမှုကို အရင်တုန်းကလဲ မကြာခဏ လုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒီကနေ့ လှုပ် ရှားခဲ့တဲ့နေရာက သေနတ် တပစ်စာ အကွာအဝေးလောက်ပဲ ရှိတယ်။ ကြွေးကြော်သံတွေကိုလည်း စစ်ကောင်စီ တပ်က ကြားရနိုင်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင်လ ၂၀ ရက်နေ့ခန့်မှ စတင်၍ မြခါးပတ်ကျေးရွာအနီး စစ်ကောင်စီ၏ လေကြောင်းရန် ကာကွယ်ရေး တောင်ပေါ်နှင့် တောင်ခြေရှိ ဘုန်းကြီးကျောင်း နေရာတို့တွင် တပ်စွဲနေထိုင်နေကြကြောင်း ကိုမင်းလွင်ဦးက ပြောသည်။
သပိတ်လှုပ်ရှားမှု ပြုလုပ်ပြီးသည့်နောက် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားသည့် နေရာမှ ထွက်လာပြီး လောင်း လုံးမြို့နယ် အောက်ဘက်ကို စစ်ကြောင်းထိုး ထွက်လာခဲ့ကြောင်း ဒေသခံများက ဆိုသည်။
စစ်ကြောင်း ထိုးထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့က ညနေပိုင်းတွင် ပြင်ချောင်းကျေးရွာမှ နေအိမ်တစ်ဆောင် ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၁၀ ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ရွာသားများက ဆိုသည်။
စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ဇူလိုင်လ ၁၉ ရက်နေ့ (အာဇာနည်နေ့) တွင်လည်း ညင်မော်ကျေး ရွာအုပ်စုထဲမှ နေအိမ်သုံးဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ရွာသားများက ဆိုသည်။