လားရှိုးစစ်ကူများ ကြားဖြတ်တိုက်ခံရ၍ အများအပြား သေဆုံး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက်။ 

တိုက်ပွဲ ပြင်းထန်နေသည့် လားရှိုးမြို့ကို စစ်ကူလာသော စစ်ကောင်စီ ယာဉ် တန်းအား ကိုးကန့်တပ်မတော် MNDAA က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အများအပြား သေ ဆုံးခဲ့သည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးနှင့် မိုင်ကိုင်မြို့ဘက်မှ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ဘက်သို့ စစ်ကူ လာသော စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အား သိသူတစ်ဦးက ရလခ ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းပေါ့၊ ယာဉ်တန်းပေါ့နော်။ အဲ့ဒါ ကျနော်တို့ ဒီလားရှိုးမြို့နယ်ထဲက မန်ပန်နဲ့ ဟိုနားရွာကြားမှာ တိုက်ခိုက်ခံရတာ ဖြစ်တယ်။ အဲ့ဒီယာဉ်တန်း ကို ကိုးကန့်တပ်က ကြားဖြတ်တိုက်ခိုက်တာပါ။ အသေအဆုံးက အရမ်းများတာ၊ ကားတွေလည်း မီးလောင်ကုန် တယ်။ စစ်သားတွေလည်း မီးလောင်ပြီး သေကုန်တာ။ ဘယ်လိုပုံစံမျိုး တိုက်ခိုက်တာလဲ၊ ဘာလက်နက်တွေနဲ့ ပစ်တာလဲဆိုတာတော့ သေချာမသိဘူး။ တော်တော်လေးတော့ အထိနာသွားတယ်ဟု ပြောသည်။

ရလခ ဆိုသည်မှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြောခြင်းဖြစ်သည်။ 

အဆိုပါ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အထိနာသွားသည့် ရုပ်သံဗွီဒီယို ဖိုင်တစ်ဖိုင်လည်း  လူမှုကွန်ရက် စာမျက်နှာတွင် ပြန့်နှံလာခဲ့သည်။

ယာဉ်တန်း တိုက်ခိုက်ခံရသောကြောင့် မီးလောင်ပျက်စီးနေသည့် ယာဉ်နှင့် သေဆုံးနေသည့် စစ်ကောင်စီတပ် သား အလောင်းများကို အဆိုပါ ရုပ်သံဗွီဒီယိုထဲတွင် တွေ့ရသည်။ 

လမ်းမပေါ်တွင် မီးလောင်ပျက်စီးနေသည့် ယာဉ်များကို တွေ့ရပြီး အဆိုပါယာဉ်များပေါ်တွင်သော်လည်းကောင်း၊ လမ်းဘေးတွင်သော်လည်းကောင်း သေဆုံးနေသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို တွေ့ရ သည်။

ဖြစ်စဉ်ကို သိသော မြေပြင် သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ စစ်အင်အား ၂၀၀ ကျော်၊ လက်နက်ခဲ ယမ်း အများအပြားသယ်လာသည့် ကားရှစ်စီးပါ စစ်ကောင်စီယာဉ်တန်းမှာ လားရှိုးမြို့နယ်ထဲက မန်ပန်နှင့် ဟိုနား ကျေးရွာ အကြားတွင် ဇူလိုင်လ ၃၁ ရက်နေ့က တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

မြေပြင်သတင်းအရင်းအမြစ်က ရလခ ဘက်ကနေတက်လာတဲ့ စစ်သားတွေလို့ ပြောတယ်။ တန့်ယန်းမှာလည်း ခဏနားတယ်။ သူတို့ ၃-၄ ဖွဲ့ခွဲပြီး လားရှိုးဘက်ကိုသွားတာ၊ အဲ့ဒါ ကြားဖြတ် တိုက်ခံလိုက်ရတာပါ။ ဘယ်နှစ် ယောက် သေလဲဆိုတာတော့ အတိအကျမသိဘူးနော်။ တော်တော် ဆိုးဆိုးရွားရွားတော့ ဖြစ်သွားတယ်ဟု ပြော သည်။

လားရှိုးမြို့နယ်ထဲမှာတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် MNDAA တို့အကြား တိုက်ပွဲများ ဆက် ဖြစ် နေပြီး စစ်တပ်ဘက်က ပေါင် ၅၀၀ ဗုံးများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်နေသည်ဟု မြေပြင် သတင်းအရင်း အမြစ်များက ဆိုသည်။

.ယခုရက်ပိုင်းထဲ လားရှိုးမြို့ပေါ် ရပ်ကွက်အချို့တွင် ပိတ်မိနေသည့် အရပ်သားပြည်သူများကို ကိုးကန့်တပ်ဖွဲ့ ကယ်ထုတ်ပေးနေသည်။

လားရှိုးမြို့တွင်းက ရပ်ကွက်များထဲ နှစ်ဘက်ကြား တိုက်ပွဲများ ဆက်ဖြစ်နေပြီး လားရှိုးဘူတာ၊ လားရှိုး အကျဉ်း ထောင်၊ ခလရ ၆၈၊ ခလရ ၄၁၊ မြို့ပြင်ရှိ တိုးဂိတ်များ၊ အမှတ် ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းနှင့် အသံ လွှင့်ဌာနအပြင် လားရှိုး လေယာဉ်ပြေးလမ်း မြောက်ပိုင်းအထိ ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထိန်းချုပ် ထားကာ အုပ်ချုပ်ရေးယန္တရားကိုလည်း စတင်ဆောင်ရွက်နေပြီဟု ကိုးကန့်တပ်ဖွဲ့ ထုတ် ပြန်ထားသည်။