စစ်ကောင်စီ လက်နက်ကြီးကြောင့် ဆီဆိုင်မှ မြေးအဖွားအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြေးအဖွား နှစ်ဦး အပါအဝင် အရပ်သား ၃ ဦး ထိခိုက်မှု ရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
စစ်ကောင်စီတပ်များက ဆီဆိုင်မြို့ အရှေ့ဘက်ရှိ လွယ်ပွတ်ကျေးရွာအုပ်စု ထီရီးကျေးရွာသို့ ဩဂုတ်လ ၆ ရက်နေ့၊ ည ၈ နာရီ အချိန်ခန့် တွင် လက်နက်ကြီး ဦးတည် ပစ်ခတ်ခဲ့ရာ စစ်မရှောင်နိုင်ပဲ ကျန်နေသော မြေးအဖွား ၂ ဦး အပြင် အရပ်သား အချို့ ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
ထီရီးကျေးရွာတွင် နေထိုင်သူ တစ်ဦးက “အိမ်လည်း ပါသွားတယ်။ သူများက စစ်ရှောင်နေတဲ့အချိန် အဖွားက လည်း အသက်ကြီး မြေးကလည်း ငယ်သေးတော့ မသိနားမလည်၊ ကျန်ခဲ့တော့ ထိပြီပေါ့” ဟု ပြောသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲစဉ် အဖွားဖြစ်သူမှာ လက်ကျိုးဒဏ်ရာနှင့် မြေးဖြစ်သူမှာ လက်မောင်းတွင် လက်နက်ကြီးအစ ထိမှန်သည့်ဒဏ်ရာ ရရှိထားသည်ဟု ဆိုသည်။
အလားတူ ဆီဆိုင်မြို့နယ်၊ မီးရယ်ကျေးရွာတွင်လည်း ဩဂုတ်လ ၅ ရက်နေ့၊ ည ၁၀ နာရီအချိန်၌ စစ်ကောင်စီ တပ်က ပစ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိထားသည်။
လွယ်ပွတ်ကျေးရွာတွင် နေထိုင်သူ တစ်ဦးက “မီးရယ်မှာလည်း ယောက်ကျားလေး တစ်ယောက် ထိတယ် ကြားတယ်။ လူကြီးပိုင်းထဲကပဲ။ အသိထဲတော့ မပါဘူး။ ပအိုဝ်းဒေသမှာတော့ ခဏခဏ ကျတာပဲ။ မကျတဲ့ နေ့ဆို ထူးဆန်းသလိုတောင် ဖြစ်နေတာ။ ဘယ်သူမှလည်း မရှောင်နိုင်တော့ဘူးလေ” ဟု ပြောသည်။
လတ်တလောတွင် ဒဏ်ရာရရှိသူများကို ဘန်းယဉ် ဆေးရုံသို့ ပို့ဆောင်ထားပြီး လွယ်ပွတ်ကျေးရွာ အုပ်စုတစ်စု လုံးမှာ ထွက်ပြေး တိမ်းရှောင်နေရပြီဟု ဆိုသည်။
လွယ်ပွတ်ကျေးရွာအုပ်စုရှိ ကျေးရွာများမှာ ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်း ကတည်းက ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲ့အား နေ့စဉ်ထမင်းထုတ် ပို့ဆောင်နေရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောဆိုထား သည်။