ဘုတ်ပြင်းတွင် စစ်မှုထမ်းလူစားထိုးရန်အတွက် ငွေကြေးကောက်ခံနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။

ဘုတ်ပြင်းမြို့နယ်ရှိ ထောင်ကမတ်ကျေးရွာ အုပ်စုတွင် စစ်မှုထမ်းရန်အတွက် လူစားထိုး ငှားရမ်းရန်ဟု ဆိုကာ စုစုပေါင်း အိမ်ခြေ ၇၀၀ ခန့်ကို ငွေကြေးကောက်ယူမှုများ ပြုလုပ်လျက်ရှိနေကြောင်း ရွာသားများက ပြောသည်။

ထောင်ကမတ်ကျေးရွာအုပ်စုရှိ ထောင်ကမက်၊ ချောင်းကရှက်၊ အောက်လိပ်၊ ကလန်းချောင်းနှင့် သီရိမြိုင်ကျေး

ရွာများကို ငွေကြေးကောက်ခံနေခြင်း ဖြစ်သည်။

အသက် ၄၀ခန့်အရွယ် ချောင်းကရှက် ရွာသားတစ်ဦးက ငွေပြန်ပေးပြီးမှ ထပ်ကောက်တာ အရင်တွေကထက် ပမာဏက ပိုများလာတယ်၊ မထည့်နိုင်တဲ့ အိမ်တွေကို ရွေးပြီး မဲနှိုက်ခိုင်းမယ်လို့ ပြောသံကြားရတော့ ကြောက် လန့်ပြီး မရှိ ရှိတာ ရှာဖွေပြီး ထည့်ကြရတယ်၊ ပြီးတော့ ရှင်းတမ်းလည်း မထုတ်ပေးသေးဘူး ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီမှ အတည်ပြုပြီးနောက် မတ်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် ငွေကြေး ကောက်ယူခဲ့ခြင်း ဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း စစ်သင်တန်း အပတ်စဉ် ၄ ခုထိ ခေါ်ယူထားခြင်းဖြစ်ပြီး စပြီးခဲ့သည့် ဇွန်လကတည်းက ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် နာမည်စာရင်း ကောက်ယူခဲ့ပြီး မြို့နယ် စစ်ကောင်စီရုံးမှတဆင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

စစ်မှုထမ်းအပတ်စဥ် (၁) အတွက် လူစားထိုးငှားရမ်းရန်ဟုဆိုကာ ထောင်ကမတ်အုပ်စု ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များက မတ်လ ၂၀ ရက်နေ့က တစ်အိမ်ကို ကျပ်တစ်သောင်းနှုန်းဖြင့် စတင်ကောက်ယူခဲ့ကြသည်။

ထို့အပြင် ဇူလိုင်လ ၁ ရက်နေ့တွင် အပတ်စဥ် (၂) နှင့် (၃) အတွက်ဟု ဆိုကာ တစ်အိမ်ကို ကျပ်သုံးသောင်းနှုန်း ထပ်မံ ကောက်ယူခဲ့ပြီးနောက် သတ်မှတ်ငွေကြေး မပြည့်မှီသေးဘူးဆိုသည့် အကြောင်းပြချက်ဖြင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ငွေကြေးထည့်ဝင်ထားသည့် အိမ်များကို ကျပ်သုံးသောင်းစီ ပြန်ပေးခဲ့သည်ဟု ရွာသားများက ပြောသည်။

အလားတူ ဩဂုတ် ၈ ရက်နေ့တွင် အမှတ်စဥ် (၃) အတွက်ဟု ဆိုကာ အိမ်တစ်ဆောင်ကို လေးသောင်းကျပ်နှုန်း ဖြင့် ထပ်မံ ကောက်ယူခဲ့ပြီး ထောင်ကမတ်ကျေးရွာ အုပ်စုအတွင်း နောက်ဆုံးကောက်ယူခဲ့သည့် ငွေမှာ ကျပ်သိန်း ၂၈၀ နီးပါးခန့်ရှိနေသည်ဟု ရွာသားများက ဆိုသည်။

စစ်မှုထမ်းအပတ်စဥ် (၃) အတွက် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များမှ ငွေကြေးကောက်ယူစဥ်က ထောင်ကမတ် ကျေးရွာ အုပ်စုအတွင်းမှ လူ ၃ ဦး အစားထိုး ငှားရမ်းပေးရမည်ဖြစ်ပြီး လူတစ်ဦးကို ငှားရမ်းခငွေကျပ် ၁၈ သိန်း ကျသင့်မှာ ဖြစ်ကြောင်း အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု ရွာသားများက ပြောသည်။

တနင်္သာရီတိုင်းအတွင်း၌ စစ်မှုထမ်း ခေါ်ယူခြင်းခံရသည့် တပ်သားသစ်များကို ပလောက်မြို့ရှိ အမှတ် (၁၂) တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းတွင် စစ်သင်တန်းပို့ချပေးနေခြင်း ဖြစ်သည်။

မြိတ်မြို့နယ်အတွင်းရှိ တညက်နှင့် ပသောင်းကျေးရွာအုပ်စုတို့၌လည်း ယခု သြဂုတ်လအစပိုင်းက စစ်မှုထမ်း ပံ့ပိုးရန်ဟုဆိုကာ ငွေကြေး ကောက်ယူမှုများ ရှိနေခဲ့ကြောင်း ရွာသားများက ဆိုသည်။

ဓါတ်ပုံ – ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲ (Crd – စစ်ကောင်စီ ပြန်ကြားရေး)