ဟားခါး တက္ကသိုလ်ဘက် မသွားရန် သတိပေးချက် ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်ဘက်သို့ ဩဂုတ်လ ၂၀ ရက်နေ့မှ စတင်၍ မသွားလာကြရန် CDF ဟားခါးက ထုတ်ပြန်လိုက်သည်။
ဟားခါး – ထန်တလန်လမ်းမကြီးပေါ်ရှိ ဟားခါး တက္ကသိုလ်ဘက်ကို သွားလာရသည့် လမ်းပိုင်းအား ပြည်သူများ အနေဖြင့် သွားလာခြင်း၊ အဆိုပါ လမ်းပိုင်းကို အသုံးပြုခြင်းတို့ မလုပ်ကြရန် CDF ဟားခါးအဖွဲ့က ဩဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်ဟု CDF ဟားခါး တာဝန်ရှိသူက ပြောသည်။
“ဟားခါး တက္ကသိုလ်ဘက်ကိုသွားတဲ့လမ်းက အဲ့ဒီလမ်းက ထန်တလန်ဘက်ကို သွားတဲ့လမ်းမကြီးနဲ့ အတူတူပဲ။ အခုချိန်က ထန်တလန်မှာ တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ အချိန်ဖြစ်တဲ့အတွက် အဲ့ဒီလမ်းကို ပြည်သူတွေ အသုံး မပြုဖို့ ဒီက ထုတ်ပြန်ရတာ ဖြစ်ပါတယ်ဗျ။ ပြီးတော့ ဒီထန်တလန်ဘက်ကို စစ်ကူ မပို့နိုင်အောင်လည်း ဒီလမ်းကြောင်းမှာ ကျနော်တို့ နေရာယူထားတဲ့ဟာတွေ ရှိတယ်။ အဲ့လိုမျိုးနဲ့ ကျနော်တို့ သူတို့ကို စကစနဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ပြည်သူတွေ ရှိနေမှာစိုးလို့ အဲ့လိုမျိုး ထုတ်ပြန်ထားတာပါ။”
အဆိုပါ လမ်းပိုင်းမှာ ပြည်သူများ အသုံးမပြုသည်မှာ ကြာပြီဖြစ်၍ ယခုသွားလာကြသူများမှာ CDF ဟားခါးအဖွဲ့ အတွက် ရန်သူဟုသာ သတ်မှတ်ထားကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် သွားလာရင် အန္တရာယ်ဖြစ်နိုင် သောကြောင့် လုံးဝ အသုံးမပြုကြရန် တိုက်တွန်းထားသည်။
CDF ဟားခါး တာဝန်ရှိသူက “ထန်တလန်လမ်းက အရင်ကတည်းက ပြည်သူတွေက မသုံးတာ ကြာပြီဗျ။ ဒါပေ မယ့် အဲ့လမ်းက သုဿန်သွား တဲ့ လမ်းဆိုတော့လေ သုဿန်အထိ ပြည်သူတွေက သွားကြတာ။ အခုနောက် ဒီတိုက်ပွဲဖြစ်တဲ့အတွက် အဲ့သုဿန်ကိုလည်း ပြည်သူတွေက အသုံးမပြုဘူးဆို တော့ အဲ့မှာသွားတဲ့သူတွေက ကျနော်တို့အတွက် ရန်သူလို့ သတ်မှတ်လို့ရတဲ့ အခြေအနေမျိုးမှာ ရှိတဲ့အတွက် အဲ့လိုမျိုး ပြည်သူတွေကလည်း သတိထားလို့ရအောင်ဆိုပြီး လုပ်ဆောင်ရတာ ဖြစ်ပါတယ်ဗျ။ အဲ့ဒါက ဟားခါး – ထန်တလန်လမ်းမကြီး။ အဲ့ဒီ လမ်းမကြီးမှာမှ တက္ကသိုလ် ဘက် သွားတဲ့လမ်းရှိတယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ချင်းပြည်နယ် ထန်တလန်မြို့၌ ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများ စတင်ချိန်မှ ယနေ့အချိန်ထိ ပြည်သူများက ထိုလမ်းပိုင်းနှင့် အဆိုပါ လမ်းပိုင်းပေါ်ရှိ သုဿန်ကို အသုံးမပြုကြတော့ဘူးဟု ဆိုသည်။
ဟားခါးနှင့် ထန်တလန်ကြား၌ ရှိသော စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေး တပ်ဖွဲ့တို့အတွက် စစ်ရေးအရ အရေးပါသော တပ်စခန်းတစ်ခုကို ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်က ဩဂုတ်လ ၁၂ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ထားသည်။
စစ်ကောင်စီ အနေဖြင့် ၎င်းတို့အတွက် စစ်ရေးအရ အဓိက အရေးပါသော တပ်စခန်းကို လက်လွှတ် ဆုံးရှုံး လိုက်ရသောကြောင့် ပြန်လည် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ဆိုကြသည်။
CDF ဟားခါးနှင့် နီးစပ်သူတစ်ဦးက “ဒီအရင်ပတ်ကလည်း အဲ့ဘက်က စခန်းတခုကို ကာကွယ်ရေးအဖွဲ့တွေက သွားသိမ်းထားတာပေါ့နော်။ အဲလို့မျိုး ကျနော်တို့ စခန်းသိမ်းထားတဲ့အတွက် စစ်ကောင်စီက အဲ့ဘက်လမ်းက နေ စစ်ကြောင်းထိုးဖို့ အမြဲတမ်း ပြန်ပြီးပြင်ဆင်နေတယ်။ အဲ့လိုမျိုးတွေ ရှိတဲ့အတွက် အခုလို ထုတ်ပြန်တာဗျ” ဟု ပြောသည်။
ဟားခါး တက္ကသိုလ်အပါအဝင် အဆိုပါ လမ်းကြောင်းတလျှောက်၌ စစ်ကောင်စီတပ်၏ စစ်ရေးဂိတ်များနှင့် တပ်စခန်းများ ရှိနေသောကြောင့် နှစ်ဖက်ကြား စစ်ဆင်ရေး ဖော်ဆောင်မှုများ ရှိနေသောကြောင့် ပြည်သူများအတွက် အန္တရာယ်လည်း များသည်ဟု ဆိုကြသည်။
ဟားခါးမြို့ရှိ စစ်ကောင်စီ၏ ပင်မ အထိုင်တပ် စခန်းကြီးထဲကို ဝင်ရောက်နိုင်ရေး ဟားခါး တက္ကသိုလ်မှာ ခြေ ကုပ်ယူထားသည့် တပ်စခန်းနှင့် ချင်းပြည်နယ် ဝန်ကြီးရုံးရှိ တပ်စခန်းတို့ကို ဆက်လက်ထိုးစစ်ဆင်ရန် ရှိနေသော ကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ ထုတ်ပြန်ချက်များကို လိုက်နာကြဖို့ ချင်းလဲန်း ကောင်စီ ပူးပေါင်းတပ် တာဝန်ရှိသူများက တိုက်တွန်းထားသည်။