ဖော်တော်ဦး ဘုရားပွဲ ယခုနှစ် ကျင်းပမည်မဟုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။ 

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲတော်အား ယခု ၂၀၂၄ ခုနှစ်အတွင်း မကျင်းပဖြစ်တော့ဘူးဟု ဂေါဗက အဖွဲ့ဝင်များက ပြောသည်။

နိုင်ငံအဝှမ်း စစ်ပွဲများ ဖြစ်ပွားနေသည့် အချိန်၌ ဘုရားပွဲတော်အတွင်း ဂေါပကအဖွဲ့မှ လုံခြုံရေး တာဝန် မယူပေး နိုင်သဖြင့် ဩဂုတ်လ ၁၆ ရက်နေ့က မကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဂေါဗကနှင့် နီးစပ်သူ တစ်ဦးက ၂၀၂၀ ပွဲပျက်ပြီးတဲ့ နောက်ပိုင်းကစပြီးပေါ့ အငြိမ့်သဘင်တွေ၊ ဖျော်ဖြေရေး၊ လောင်းကစားတွေ ဖြုတ်ထားတာပေါ့။ ဂေါပက မထိန်းနိုင်လို့လေ။ အခုလည်း စံကားဖက်မှာ ချနေကြတော့ ဒီဘက်ကူးလာရင် ဒုက္ခရောက်မှာစိုးလို့ ပွဲမလုပ်တော့တာဟု ပြောသည်။

ပွဲတော် မကျင်းပဖြစ်သော်လည်း ဘုရားပွဲစတင်သည့် သီတင်းကျွတ်လဆန်း ၁ ရက်နေ့ (အောက်တိုဘာလ ၃ ရက်နေ့)မှ သီတင်းကျွတ်လဆုတ် ၃ ရက်နေ့ (အောက်တိုဘာလ ၂၀ ရက်နေ့) အထိ ၁၇ ရက်တာ ကာလလုံး ဖောင်တော်ဦးဘုရား၌သာ အပူဇော်ခံသွားမည်ဟု ဆိုကြသည်။

ဖောင်တော်ဦး အနောက်ဘက် ကပ်လျက်ရှိသည့် နမ့်ဟူးကျေးရွာတွင် နေထိုင်သူ တစ်ဦးက ဘုရားမကြွပေမယ့် ဘုရားရောက်မယ့် ရွာတွေက ကိုယ့်ကိုယ် အဖြစ်သဘော လုပ်ကြမလားတော့မသိဘူး။ ဖောင်တော်ဦးဘုရား မပါဘဲ ကိုယ့်ရွာဘုရားနဲ့ပဲ ထုံးစံအတိုင်း လုပ်ကြတာပေါ့။ ရိုးရာက ဖျက်လို့မကောင်းဘူးလေ ဟု ပြောသည်။

ဘုရားရောက်မည့် ကျေးရွာများတွင် ရိုးရာအလျောက် ပွဲတော်များ၌ အကျဉ်းချုံးသာ ကျင်းပသည့်အတွက် လူစုလူဝေး မဖြစ်သကဲ့သို့ ထိခိုက်မှု အန္တရာယ်လည်း လျော့နည်းနိုင်သည်ဟု သူက ဆက်ပြောသည်။

ဖောင်တော်ဦး ဘုရားပွဲအား ၂၀၂၀ ခုနှစ်မှ စ၍ COVID-19 ကပ်ရောဂါဘေးနှင့် စစ်အာဏာသိမ်း ဂယက်များ ကြောင့် ၃ နှစ်ကြာ ရပ်ဆိုင်းခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှသာ ပြန်လည် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရပ်ဆိုင်းထားသည့် ကာလများအတွင်း ဘုရားရောက်ရှိသည့် ကျေးရွာအချို့တွင် ဖောင်တော်ဦး ဘုရားပုံတူ၊ ဖောင်လှေ၊ ဆွဲလှေများနှင့် ရိုးရာမပျက် ကျင်းပခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။