မြဝတီမြို့နယ် လေးကေ့ကော် အနီး စွယ်တော် ဗျူဟာကုန်းကို KNU သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်။ 

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီတပ်၏ စွယ်တော် လက်နက်ကြီး စခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက် လိုက်သည့်အတွက် လေးကေ့ကော်ဒေသသည် စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်သည်ဟု ဒေသအကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောသည်။ 

စခန်းသိမ်း တိုက်ပွဲ အခြေအနေကို သိရှိသူ တစ်ယောက်က လောလောဆယ်ပေါ့ မြေပြင် စစ်ရေးသတင်း အရင်းအမြစ်တွေ ပြောဆိုချက်အရတော့ ဒါကတော့ လေးကေ့ကော် တခွင်လုံးမှာတော့ စစ်ကောင်စီ ကင်းစင်တဲ့ နယ်မြေလို့တော့ ပြောလို့ရပြီပေါ့နော။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်တုန်းက ဖလူးစခန်းဆိုရင်လည်း သူတို့ အရင်ဆုံးရှင်းထုတ်လိုက်တယ်။ အခုတော့ လေးကေ့ကော် အမြောက်ကုန်းပေါ့နော စွယ်တော်ကုန်းလို့ခေါ်တဲ့ အမြောက်ကုန်းကို ရှင်းလိုက်တဲ့အခါကျတော့ အဲဒီတကြော လုံးမှာ စစ်ကောင်စီ ကင်းစင်တဲ့ နယ်မြေလို့ ပြောလို့ရတာပေါ့”  ဟု ပြောသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ (ယနေ့) နံနက် ၄ နာရီခန့် တွင် စစ်ကောင်စီတပ်၏ စွယ်တော် လက်နက်ကြီး စခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက် လိုက်သည်ဟု စခန်းသိမ်းတိုက်ပွဲ အခြေအနေ သိရှိသူ က ဆက်ပြောသည်။

၎င်းက ဒီကုန်းတော့ ဟိုဇူလိုင်လကတည်းက သူတို့ ဝိုင်းပတ်ပိတ်ဆို့ပြီးတော့ သူတို့ တဖြည်းဖြည်းချည်းကပ် သူတို့တိုက်ခိုက်တာပေါ့နော။ လက်နက်ကြီးတွေရော၊ ဒရုန်းတွေရော သူတို့ တိုက်ခိုက်လာခဲ့တာ စကစ ဘက်ကလည်း မြဝတီမှာ အခြေစိုက်တဲ့ ၂၇၅ ကနေပြီးတော့ ဟောင်ဝေဇာတွေနဲ့ ပစ်ခတ်ပေးတာ ရှိတာပေါ့ နော။ အဲဒီစခန်းကုန်း မကျရေးပေါ့ နောက်ပြီးတော့ Y12 တွေနဲ့ပေါ့ သူတို့ အကြိမ်ကြိမ် အခါခါ အကာအကွယ် လုပ်တဲ့ ကုန်းတစ်ကုန်းပေါ့ အဲဒီကြားထဲကနေပြီးတော့ဒီ မနက် ၄ နာရီကျော်ကျော်လောက်မှာ အဲမှာ သူတို့ ဒီစစ်မြေပြင် အင်အားနဲ့သူတို့ ဝင်လုံးလိုက်တဲ့ အခါကျတော့ စခန်းရသွားတာပေါ့နော ဟုပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှု၊ ဒရုန်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေသည့် ကြားမှာ KNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်နက်ကြီးကုန်းကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း  Cobra စစ်ကြောင်းကလည်း ရုပ်ပုံများနှင့်တကွ အတည်ပြု ထုတ်ပြန်ထားသည်။

စွယ်တော် လက်နက်ကြီးကုန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုများနှင့်အတူ လက်နက်ခဲ ယမ်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။ 

လက်ရှိတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA နှင့် ပူးပေါင်းတပ်က လိုက်လံရှင်းလင်းနေ သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က လေးကေ့ကော်ဒေသအတွင်းက လက်ခတ်တောင်စခန်း၊ ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့က  ဖလူးစခန်း အစရှိသည့် စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ တပ်စခန်းများကို KNLA နှင့် ပူးပေါင်းတပ်တို့က သိမ်းပိုက်ထားသည်။

ယခု သိမ်းပိုက်ရရှိလိုက်သည့် စစ်ကောင်စီတပ်၏ စွယ်တော်လက်နက်ကြီးကုန်း စခန်းသည် အဆိုပါ ဒေသတွင် ကျန်ရှိနေသည့် တစ်ခုတည်းသော စခန်းကုန်းဖြစ်သည်။