ရှမ်းတဲလေတပ် တိုက်ခိုက်မှု Y-12 လေယာဉ်  ၂ စီး၊ ရဟတ်ယာဉ် ၂ စီးပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။ 

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲ လေတပ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်မှု Y-12 လေယာဉ် နှစ်စီး အပြင် ရဟတ်ယာဉ် ၂စီးလည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု မိတ္ထီလာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြော သည်။

ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေး အဖြစ် မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းများ ဖြစ်သော လေကြောင်း အတတ်သင် အရာရှိ အိမ်ရာ၊ ခဲယမ်းသိုလှောင်ရုံ၊ လေကြောင်းထုတ်လုပ် အရာရှိ ရိပ်သာ၊ တပ်မတော် အကြီး စားစက်ရုံ ၁၀ အရာရှိရိပ်သာ၊ ရေဒါ စခန်းနှင့် တပ်မ ၉၉ တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်း ၂၄ စီးဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက ဒရုန်းအစီးရေ ၂၄စီးနဲ့ တိုက်ခိုက်ရတာ ဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးမှု များတာပေါ့နော်။ ဒီကောင်နဲ့ ပတ်သက်ပြီးတော့ Y-12 နှစ်စီး ခဲယမ်းထားတဲ့ အဆောက်အအုံ နှစ်ခု ထိခိုက် ပျက် စီးတာပေါ့နော်။ ရန်သူရဲ့ ထုတ်လုပ်ရေး စက်ရုံနှစ်လုံးလည်း ထိခိုက်ပျက်စီးတယ်။ အရာရှိ ၉၉ က ဗိုလ်မှူးနှစ်ဦး ရယ် ရှမ်းတဲက ဗိုလ်မှူးတစ်ယောက်ရယ် တခြားအဆင့် ၄ ဦးထက် မနည်းထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ Update သတင်းအနေနဲ့တော့ သူတို့ ရဟတ်ယာဉ် နောက်ထပ်နှစ်စင်း ထိခိုက်တယ်လို့ ကျနော်တို့ သိရပါတယ်ဗျဟု ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက လေတပ်စခန်းဝင်း အတွင်းရှိ သူများအားလုံး၏ ဖုန်းများကို သိမ်းယူသွားပြီး ပြင်ပနှင့် အဆက်အသွယ် ဖြတ်ရန် ကြိုးစားခဲ့ပြီး တပ်သားများ အချင်းချင်းလည်း

I-com ကိုသာ အသုံးပြုပြီး ဆက်သွယ်နေကြသည်ဟု ဆိုသည်။

ထို့နောက် တပ်စခန်းဝင်းအတွင်းသို့ မီးသတ်ကား ၂ စီးလည်း ဝင်ရောက်ခဲ့ပြီး မီးငြိမ်းသတ်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း ဆိုသည်။

ရှမ်းတဲလေတပ် တိုက်ခိုက်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ အဓိက ကူညီပံ့ပိုးပေးပြီး မစ်ရှင် အောင်မြင်ရန် အတွက် တပ်တွင်း သတင်းပေး၏ အခန်းကဏ္ဍမှာ အရေးပါဆုံး ဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ မစ်ရှင်အား ဖော်ဆောင်ရန် အချိန်ယူပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မိတ္ထီလာ ပကဖ တာဝန်ခံက ဆက်ပြောသည်။

ဒီမစ်ရှင်ကို ဖြစ်မြောက်ဖို့ အတွက် ကျနော်တို့ တစ်နှစ်တိတိ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ ပြည်သူတွေကို ဒုက္ခ အရမ်းပေးနေတဲ့ မတရား ဗုံးကြဲနေတဲ့ ရှမ်းတဲလေကြောင်းကို ဦးစားပေးပြီးတော့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။

ရှမ်းတဲလေတပ်သည် အချက်အချာကျသော နေရာတွင် ရှိပြီး မြန်မာနိုင်ငံ၏ မည်သည့်ဒေသတွင် မဆို သွား ရောက် ဗုံးကြဲနိုင်သည့် ဗျူဟာကျသော လေတပ်ဖြစ်သည့်အတွက် ရွေးချယ် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်ဟု ဦးနောင်ချိုက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာမြို့နယ် ပကဖ၊ မိတ္ထီလာ ပကဖ ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာခရိုင် တပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၈ နဲ့ အမည်မဖော်လိုသော ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ရှာထူး ဝေါ် နည်းပညာ အဖွဲ့၏ နည်းပညာပိုင်း အကူအညီနှင့် ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေး အဖြစ် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း Meiktila Revolution Force က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။