ပိတ်ဆို့ခံထားရသည့် ကန်ပိုက်တီ မြို့တွင် ရိက္ခာပြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။ 

ကချင် – တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင် ကုန်ပစ္စည်းများ ပြတ် လပ်နေမှုများကြောင့် စစ်ဘေးရှောင် ပြည်သူများနှင့် ဒေသခံများအတွက် ရိက္ခာအခက်အခဲများ ဖြစ်နေကြသည်။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မ တော် KIA တို့ကြား တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ကန်ပိုက် တီ နယ်စပ်ဂိတ်အား နယ်မြေမတည်ငြိမ်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကြောင့် အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ကာ ပိတ်ထားသောကြောင့် စားသောက်ကုန်များ ပြတ်လပ်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ အမျိုးသမီးတစ်ဦးက ရှောင်နေတဲ့ သူက အဲ့လိုပဲ ရှောင်နေသေးတယ်။ ဆိုင်လည်း ပိတ်ထားတယ် လူက မရှိဘူးဆိုတော့။ ကုန်ဈေးနှုန်းက တက်တာကြာလှပြီ။ အခုက ဝင်လည်း မဝင်ခိုင်းဘူး ထွက်လည်း မထွက်ခိုင်း ဘူး ဆိုတော့ ရှိတဲ့ဟာလေးတွေတင် ပြီးတော့ ရောင်းတာပေါ့။ အခုလောလောဆယ်က စစ်ရှောင်တွေက ပြတ် နေ ကြပါတယ်။ အစားအသောက်တွေ အရမ်းပြတ်နေတာဟုတ်တယ်။ အခုက အသား ငါး ဆိုလည်း မရောက် ဘူးလေနော် အဲမျိုးဆိုတော့ ပြည်သူတွေက ဒုက္ခရောက်နေတာပေါ့။ ပိုက်ဆံရှိတယ် ဝယ်စားမယ်ဆိုလည်း ဘယ် မှာမှ သွားဝယ်စားလို့ မရဘူးလေ ဟု ပြောသည်။

ကန်ပိုက်တီတွင် ဆန်တစ်အိတ်လျှင် ယခင်က တစ်သိန်းခွဲသာ ရှိသော်လည်း အောက်တိုဘာလ တတိယပတ်မှ စတင်ကာ ကျပ် ၂ သိန်းကျော်ထိ ရှိနေပြီး ကုန်စိမ်းများနှင့် အသားငါးများလည်း ပြတ်နေပြီဟု ဆိုသည်။

နိုဝင်ဘာ ၁၅ ရက်နေ့အထိ ဈေးဆိုင်များလည်း မဖွင့်နိုင်ကြသေးဘူးဟု ကန်ပိုက်တီ ဒေသခံများက ပြောသည်။

ကုန်စိမ်းဆိုင် ဖွင့်ထားသူ စျေးသည်တစ်ဦးက ဟင်းသီးဟင်းရွက် မလာဘူးလေး။ တစ်ပတ်လောက်မှ နှစ်ပတ် လောက်မှ တစ်ကြိမ်လာ အဲလိုမျိုးတွေပေါ့နော်။ လာတဲ့ ကုန်ဈေးနှုန်းတွေလည်း နှစ်ဆ နှစ်ဆ တက်သွားတာ လေ။ ဒါတောင်မှ တစ်ချို့ပိုက်ဆံ ရှိတယ်။ မမှီလိုက် ရင်က မဝယ်စားနိုင်ဘူး။ အဲလိုမျိုးတွေ ဒုက္ခရောက် နေတာ ဟုတ်တယ်။ တရုတ်လမ်းကလည်း ပိတ်ထားတယ် လေနော်။ အခု ကန်ပိုင်တီမှာက ဆိုင်ဖွင့်တဲ့သူက ရှားသွား ပါ ပြီ။ အများကြီး မရှိတော့ဘူး။ အများပိုင်က အကုန်လုံး ပိတ်ထားပြီလေ။ ဘာဖြစ်လိုဆို အစားအသောက်က မဝင်တော့ဘူးလေ ဟု ပြောသည်။

ကန်ပိုက်တီဒေသသည် တရုတ်နယ်စပ်ဂိတ်မှ စားနပ်ရိက္ခာ၊ လူသုံးကုန်စ္စည်းများနှင့် အခြား ကုန်မာပစ္စည်းကို အဓိက အားထားရသည့်အပြင် မြစ်ကြီးနား – ကန်ပိုက်တီ ကားလမ်းမှလည်း ဒေသထွက် ကုန်စိမ်းသီးနှံများကို ဝယ်ယူစားသောက်ရခြင်း ဖြစ်သည်။

တိုက်ပွဲကြောင့် ကန်ပိုက်တီရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒေသခံပြည်သူ တစ်ထောင်ခန့်က  ကချင်-တရုတ် နယ်စပ်ရှိ တောတောင်များနှင့် လှိုင်ဂူနေရာတို့တွင် ယနေ့အချိန်ထိ တိမ်းရှောင်နေကြရသည်။

တိုက်ပွဲများ စတင်ချိန်မှ နိုဝင်ဘာလ ဒုတိယပတ်ထိ လက်နက်ကြီး/ငယ် ပစ်ခတ်သံများ ကြားနေရသေးသည်ဟု  ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသမီးက လှိုင်ဂူထဲမှာ တောထဲမှာ ရှောင်နေကြတယ်။ တိုက်ပွဲတော့ မဖြစ်ပါဘူး။ မနေ့ည (နိုဝင်ဘာလ ၁၄ ရက်နေ့ည) ကတော့ နှစ်ကြိမ် သေနတ်သံကြားတယ်၊ လူဆိုတော့ ကြောက်တာ လေနော်။ တစ်ချို့ကလေး အမေတွေနဲ့ မိခင်ရှိတယ်။ ညမှာဆိုရင် လှိုင်ခေါင်းမှာ သွားအိပ်လိုက်။ တစ်ချို့က ကြက်တွေ ဝက်တွေ ရှိတယ်ဆိုတော့ ပြန်လာချက်ကျွေး သွားသွားလာလာလုပ် နေကြတယ် ဟု ပြောသည်။

KIA နှင့် KPDF ပူးပေါင်းတပ်တို့က အောက်တိုဘာလ ၁၆ ရက်နေ့က စတင်ပြီး ကချင်ပြည်၊ ကန်ပိုက်တီဒေသက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါသည့် ကန်ပိုက်တီမြို့အနီးက စစ်ကြိုင်ကျေးရွာတွင် ရှိ နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၀၃ ကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့၊ ညနေပိုင်း သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ KIA က သိမ်းယူထားသည့် ကန်ပိုက်တီမြို့မှာ နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သောကြောင့် စီးပွားရေး အရ အချက်အခြာကျသည်။

ကန်ပိုင်တီမြို့သည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅,၇၃၁ ဦးရှိပြီး ကချင်ဒေသထွက် ကျောက်စိမ်း၊ ငှက်ပျော နှင့် အခြားထွက်ကုန် ပစ္စည်းများအား တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အဓိကကုန်သွယ်ရသည့် တရုတ်-မြန်မာနယ်စပ်ဂိတ်မြို့ တစ်မြို့ ဖြစ်သည်။