မင်းတပ်၊ ဖလမ်း တိုက်ပွဲများ ဆက်လက် ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။ 

ချင်းပြည်နယ် မင်းတပ်နှင့် ဖလမ်းမြို့တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက် ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကို ဆက်တိုက် လုပ်ဆောင်နေသည်ဟု ချင်းညီနောင်အဖွဲ့က ပြောသည်။

ချင်းညီနောင်နှင့် မဟာမိတ်တပ်များက မင်းတပ်နှင့် ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ အခြေပြု စစ်စခန်းများကို နိုဝင်ဘာလ ၉ ရက်နေ့ကစ တင်ကာ တပြိုက်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိ အချိန်အထိ တိုက်ပွဲ များ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်ဟု ချင်းညီနောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန် က ပြောသည်။

ကျနော်တို့ လက်ရှိမှာ တောက်လျှောက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီကတော့ လေကြောင်း တိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေတယ်။ တခါတလေကျရင် မာတီပယ် ရော့ကက် လောင်ချာတွေနဲ့ပါ လှမ်းလှမ်းပြီးမှ လောင်းရှည် ကပစ ဖက်က လှမ်းထုတာတွေရှိတယ်။ နေ့တိုင်းနေ့တိုင်းပါပဲ တိုက်ခိုက်မှုတွေက တော့ လေကြောင်းတိုက်ခိုက်မှု ထိတွေ့မှု တိုက်ပွဲတောက်လျှောက် ဖြစ်နေပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လျက် ရှိပါတယ်။

လက်ရှိတွင် တိုက်စစ်ကောင်စီတပ်က တိုက်ပွဲပြင်းထန်နေသည့် မင်းတပ်နှင့် ဖလမ်းမြို့ဖက်ကို တပ်အင် အား ဖြည့်တင်းမှု မရှိသော်လည်း ထိုမြို့များရှိ ၎င်း၏ တပ်စခန်းများအတွက် လေကြောင်း ကနေတစ်ဆင့် ရိက္ခာနှင့် ခဲယမ်းမီးကျောက်များကို လာရောက်ချပေးခဲ့သည်ဟု ချင်းညီနောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်တပ်တို့ ပူးပေါင်း တိုက်ပွဲဖော်ဆောင်နေသည့် မင်းတပ်နှင့် ဖလမ်းမြို့ပေါ်တွင်  စစ်ကောင်စီတပ်က အင်အားများစွာနှင့် အခိုင်အမာတပ်စွဲ ထားသည်ဟု ဆလိုင်းယောမာန် က ပြောသည်။

ဟို မင်းတပ်မြို့ ပေါ်မှာတော့ ခလရ ၂၇၂ ရှိပါတယ်။ ဖလမ်းမှာတော့ ခလရ ၂၆၈ ရှိတယ်။ မင်းတပ်မြို့က ခလရ ၂၇၂ ဆိုပေမယ့် ဗျူဟာမှူး ၁ ဦးထိုင်ပါတယ်။ ကာနယ် တစ်ယောက်ထိုင်တော့ သူတို့မှာ ရဲတပ်ရင်းတွေ ရော တ ခြား တပ်ရင်းတွေရော အင်အားတော့ တော်တော်များများရှိထားပါတယ်။ ဗျူဟာကုန်း တကုန်းနီးပါး လို့ ပြောလို့ ရပါတယ်။ မင်းတပ်ကတော့ ဒီ ဗျူဟာမှူးပေါ့နော် ကာနယ် တစ်ယောက်ထိုင်တယ်ဆိုတော့ ဗိုလ်မှူး ကြီး တစ်ဦးထိုင်တယ်။

ညီနောင်အဖွဲ့၏ နိုဝင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ၎င်းတို့၏ အကူအညီ တောင်းခံမှုကြောင့် မဟာ မိတ် အဖွဲ့အစည်း အချို့သည် မိတ်ဖက်အဖွဲ့အစည်း အိမ်နီးချင်းကောင်း ပီသစွာဖြင့် ယခုစစ်ဆင်ရေးတွင် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိသည် ဟု ဆိုသည်။

သို့သော် မည်သည့်အဖွဲ့ အစည်းများက ပူးပေါင်းပါဝင်တိုက်ခိုက်နေသည်ကို အမည်နာမဖြင့် တိကျစွာ ဖော်ပြ ထားခြင်း မရှိပေ။

ထို့အပြင် လက်ရှိ ဖြစ်ပွားနေသည့် မင်းတပ်နှင့် ဖလမ်းမြို့ စစ်ဆင်ရေး သတင်းများ၊ စခန်းသိမ်းတိုက်ပွဲများနှင့် ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့က တရားဝင် ထုတ်ပြန်ပေးသွားမည် ဖြစ်သောကြောင့် သတင်းများကို ချဲ့ကာ ရေးသားခြင်းများ မပြုလုပ်ကြရန်နှင့် သတင်းအမှားများကို အထူးသတိ ပြုကြရန် တောင်းဆိုထားသည်။

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အပါအဝင် နိုင်ငံအနှံ့တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်စခန်းများနှင့် ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့များကို တော်လှန်ရေး အဖွဲ့ အစည်းများက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး လက်ရှိမှာ ကိုယ်ပိုင် အုပ်ချုပ်ရေး ယန္တရားများဖြင့်လည်း အစားထိုး လည်ပတ်နေပြီ ဖြစ်သည်။