ပုလဲ ဒေသခံတစ်သောင်းခန့် စစ်ရှောင်နေရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ တစ်သောင်းခန့် ထွက်ပြေးနေရသည်။ 

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဗမာ့အမျိုးသား တော်လှန်ရေး တပ်မတော် BNRA နှင့် ပူးပေါင်းတပ်တို့ ကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် နေသောကြောင့် ဒေသခံ ပြည်သူ တစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များက ပြော သည်။

စစ်ရှောင်ကွပ်ကဲရေး ကော်မတီဝင် ကိုစိုပြေမင်းထင် က ဒီ ၁၃ ရက်နေ့ထိတော့ စစ်ရှောင်ပြည်သူက ၉,၅၀၀ ကျော်ကျော်လောက် ရှိတယ်။ ညပိုင်း လေယာဉ်လာပစ်တော့ စစ်ရှောင်ပြည်သူက တစ်သောင်းကျော် သွားတာ ဗျ။ လက်ရှိ အခြေအနေမှာလည်း မနက် ၇ နာရီခွဲလောက်မှာ တစ်ကြိမ်လာပစ်တယ်၊ ၁၁ ခွဲလောက်မှာလည်း ထပ်လာ ပစ်တယ်။ ပစ်ပြီးတော့ အင်အားတွေတော့ ထပ်ဖြည့်သွားတယ်။ အခုလည်း မိနစ်ပိုင်းလောက်မှာ နမခ လောက်က လာတာလို့ ယူဆရတဲ့ တစ်စီးကနေပြီးတော့ အင်အားထပ်ဖြည့်တာတွေ လက်နက်ခဲယမ်း ထောက်ပံ့ ဖို့ သွားတာတွေ လေကြောင်း တိုက်ခိုက်မှု လုပ်သွားတာရှိတယ်ပေါ့ ဟု ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင်လည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်များသုံးကာ လေကြောင်းမှ တိုက်ခိုက်ခဲ့သော ကြောင့် ဒေသခံ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု မြေပြင်ရှိ စစ်ရေး သတင်း အရင်း အမြစ် တစ်ဦးက ပြောသည်။

ပုလဲမြို့နယ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ နိုဝင်ဘာလ ၁၄ ရက်နေ့ထိ တိုက်ပွဲများ ပြင်းထန်နေပြီး ပုလဲမြို့ပြင်ရှိ ကျေးရွာပေါင်း ၁၁ ရွာက ပြည်သူများသည် နီးစပ်ရာ တောတောင်များထဲနှင့် အခြား ဘေးလွှတ်နိုင် မည့် ကျေးရွာများတွင် ထွက်ပြေးနေကြရခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ထိခိုက်မှုများနိုင် ပြီး ပုလဲမြို့နှင့် အလယ်ဘုံ၊ အေးကုန်း၊ သာယာကုန်း၊ ချောင်းကန်၊ ကံကြီး၊ ညောင်ကန်၊ ညောင်ကုန်း၊ မကျီးခွ၊ ဇောင်ချမ်းကုန်း၊ မြကုန်း နှင့် ရိုးကျေးရွာ တို့မှ ပြည်သူများ ထွက်ပြေးနေရခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက လက်ရှိ အခြေအနေအရမှာ ကျတော့ စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှုက ခပ် စိပ်စိပ် လုပ်လာတယ်။ အရပ်ဘက် ပစ်မှတ်တွေကို သိသိသာသာကြီး ဦးလှည့်လာတယ်။ အဲ့လိုဆိုတော့ စစ်ရှောင်ပြည်သူတွေ များလာနိုင်ဖို့ရှိတယ်။ ပြည်သူတွေအနေနဲ့ အထိအခိုက် အကျအဆုံးတွေလည်း များနိုင် လိမ့်မယ်။ ပြည်သူတွေကလည်း ဘေးလွှတ်ရာကို ကြိုတင်ရှောင်တိမ်းထားဖို့ လုပ်ပါတယ် ဟု ပြောသည်။

တောတောင်နှင့် နီးစပ်ရာ ကျေးရွာများတွင် ထွက်ပြေးနေသည့် အဆိုပါ ဒေသခံပြည်သူများသည် စားဝတ်နေရေး အတွက် အကူအညီများ အဓိက လိုအပ်နေသည်ဟု ဆိုသည်။

စစ်ရှောင်ကွပ်ကဲရေး ကိုစိုပြေမင်းထင်က တစ်ချို့ကတော့ တောထဲမှာ တစ်ချို့ထဲကတော့ နီးစပ်ရာဆွေမျိုးရှိတဲ့ ရွာတွေမှာ ရှောင်တယ်။ စစ်ရှောင်ပြည်သူတွေက များလာတော့ စားနပ်ရိက္ခာတွေ မှာကျတော့ မသက်သာဘူး။ စားနပ်ရိက္ခာ ဆိုတာကလည်း ကုန်ခြောက်ပေါ့ ရေရှည်အထားခံတဲ့ဟာ လိုအပ်တယ်။ နောက်တစ်ခု ဒီကျန်းမာ ရေး စောင့်ရှောင်မှုတွေလည်း လိုအပ်နေတယ် ဟု ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင်လည်း ပုလဲမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာ ရဲစခန်း အရှေ့ မြောက်ဘက်ရှိ မြို့နယ်လျှပ်စစ်ဝန်ထမ်း အိမ်ရာပေါ်သို့ ပေါင် ၅၀၀ ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် မြို့နယ် လျှပ်စစ်မှူး ဦးကျော်ဆန်း သေဆုံးပြီး ဇနီးဖြစ်သူ ပြင်းထန် ဒဏ်ရာရခဲ့သည်။

အလားတူ ရဲစခန်း အနောက်ဘက် သုံးထပ်ဝန်ထမ်းအိမ်ရာတွင် နေထိုင်သော Non CDM ထွေအုပ်စာရေး မိသားစုကိုလည်း ထိမှန်ခဲ့ရာ ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့ နှစ်ဦး ထိမှန်သေဆုံးခဲ့ပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းမာပင်ခရိုင် ကျားသစ်နက်တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ပုလဲမြို့နယ် အိုင်းမကျေးရွာအား စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှု ကြောင့် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ဦး သေဆုံးခဲ့ပြီး၊ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။