အရပ်သားတစ်ဦး ပအိုဝ်းပြည်သူ့စစ်ထံ ထမင်းထုတ်ပို့စဉ် မိုင်းထိသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။
ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA ထံ ထမင်းထုတ် ပို့ပေးရသူ တစ်ဦး လမ်း၌ မိုင်းနင်းမိ၍ သေဆုံးသွားသည်ဟု နီးစပ်သူများက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ လင်လန်တောင် ကျေးရွာအုပ်စု၊ ထီဟန်းတားကျေးရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီးနောက် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
ဆွေမျိုးနီးစပ်သူ တစ်ဦးက “အဲဒီက မိုင်းတွေက သူတို့ပဲ ထောင်ထားတာ။ ရန်သူ သတင်းအရ နေရာပြောင်း ထောင်တာတွေ ရှိမှာပေါ့။ အဲဒီရက်ကတော့ သူတို့ထောင်ပြီး ပြန်ဖြုတ်ဖို့ မေ့သွားတာ။ ဦးဆောင်ရဲ့သား ပွဲချင်း ပြီးတယ်” ဟု ပြောသည်။
ထီးဟန်းတား တောင်ပေါ်တစ်ကြောတွင် တပ်စွဲထားသည့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) အတွက် ထမင်းထုပ် သွားပို့သည့် အချိန်တွင် စခန်းအနီးနေရာ၌ မြေမြုပ်မိုင်း နင်းမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ၇ တန်း ကျောင်းသား ခွန်ပန်းခိုင် ဆိုသူ သေဆုံးခဲ့ခြင်း ဖြစ်သည်။
ပအိုဝ်းဒေသများ၌ PNA အဖွဲ့ အား ထမင်းထုပ်ပို့ရသည့် ကျေးရွာများစွာ ရှိသော်လည်း ယခုကဲသို့ ထမင်းထုပ် ပို့ရာတွင် မိုင်းနင်းမိခဲ့သည့် ဖြစ်စဉ်မှာ ပထမဆုံး ဖြစ်သည်။
ထီဟန်းတားကျေးရွာတွင်း နေထိုင်သူများမှာ အောက်တိုဘာလ ကတည်းက PNA အဖွဲ့အား လူ ၁၀၀ – ၁၅၀ စာ နှုန်းဖြင့် နေ့စဉ် အိမ်ထောင်စုအလိုက် ထမင်းချက်ပို့နေရပြီး လိုအပ်သည့်အပေါ် မူတည်၍ စစ်အသုံးစရိတ်များကို ထောက်ပံ့နေကြရသည်။
ထီးဟန်းတား ကျေးရွာတွင်း နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးက“PNO ဆီတိုင်တာတော့ ဘာမှမကြောင်း မပြန်ဘူးတဲ့။ ဒီတိုင်း ပြီးသွားမယ် ထင်တယ်။ အရင်ခေါက်တွေကလည်း သူတို့ ပစ်သတ်တာ တွေ လျော်ကြေးမှ မရဖူးတာ” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ထီးဟန်းတားကျေးရွာတွင် PNA အဖွဲ့က စစ်မှုထမ်းရန် လူ ၇ ဦးနှင့်အတူ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၈ သိန်းခွဲစီ ကောက်ခံခဲ့ဖူးသည်။
အလားတူ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ တွင်လည်း အမြောက်တပ်တွင် စစ်သင်တန်း တက် ရောက်နေသည့် PNA တပ်သားသစ် လူဦးရေ ၁၀၀ စာအတွက် မေလမှ စ၍ ယနေ့အထိ ထမင်းထုပ် ပို့ပေး နေကြရသည်။
ထို့အပြင် ဇူလိုင်လ ၆ ရက်နေ့ကလည်း PNA တပ်ဖွဲ့ဝင် အယောက် ၁၅၀ စာအတွက် ရွာခံများအား ထမင်းထုပ် ၆၀၀ နှုန်းဖြင့် ချက်ပြုတ်ခိုင်းခဲ့ပြီး ကိုယ်တိုင်သွားပို့သည့် အချိန်တွင် ဟင်းမကောင်းသည့် အကြောင်းပြချက်ဖြင့် ထမင်းထုပ်များ အားလုံးကို သွန်ပစ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။