ရှမ်းမြောက်ကားများ ရပ်စောက်တွင် ပိတ်ဆို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့ရှိ ဗထူးဂိတ်အား စစ်ကောင်စီက ပိတ်ထားသဖြင့် လမ်းလွှဲများမှ သွားလာ နေရပြီး လမ်းခရီးနှောင့်နှေးမှုများ ကြုံနေရသည်ဟု ယာဉ်မောင်းနှင့် ကုန်သည်များက ပြောသည်။
လာမည့် ရက်သတ္တတစ်ပတ်အတွင်း ဗထူးလေ့ကျင့်ရေးတပ်၌ စစ်မှုထမ်းအသစ်များ သင်တန်းဆင်းပွဲ ရှိသည့် အပြင် ရှမ်းမြောက်ဒေသအား နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ စစ်ကောင်စီက ဖြတ် ၄ ဖြတ် စတင်ပိတ်ဆို့ လိုက်ခြင်း ဖြစ်သည်။
ရှမ်းမြောက်မှ ရှမ်းတောင်သို့ ပြေးဆွဲနေသည့် ယာဉ်မောင်း တစ်ဦးက “ရှမ်းမြောက် ကားသမားတွေက ဂိတ် ကြေးလည်း နှစ်ဘက်လုံး ပေးရ။ လမ်းကြတော့လည်း မနက်ဖွင့်ရင် ညနေပိတ်ချင် ပိတ်တာ။ ဘယ်ချိန်ပိတ် မယ်၊ ဘယ်ရက်ပြန်ဖွင့်မယ် ဆိုတာလည်း မသိရဘူး။ ခရီးသည်ရရင် သွားကြ၊ ပိတ်တော့လည်း ပြန်လှည့်တာ ပေါ့” ဟု ပြောသည်။
ရှမ်းမြောက်ဘက်သို့ ဝင်လာမည့် ကားများကိုသာ ပိတ်ဆို့နေခြင်း ဖြစ်ပြီး ရှမ်းတောင်ဘက်သို့ ဆင်းလာသည့် ကားများကိုမူ ခွင့်ပြုထားသည်ဟု ယာဉ်လိုင်းများထံမှ သိရသည်။
ရှမ်းမြောက် ယာဉ်မောင်းများမှာ ခါးသျှီး – မိုင်းရယ် – တန့်ယန်း – လားရှိုးလမ်း၊ ကျောက်ဂူ – ကုံးမှုန် – နမ့်လန် – မိုင်းရယ် – တန့်ယန်း – လားရှိုးလမ်း၊ နမ့်လန် – စဉ့်အင် – မိုင်းရယ် – လားရှိုးလမ်း စသည့်လမ်းလွှဲများအား ပြောင်းလဲ အသုံးပြုနေရပြီး အခက်အခဲများစွာ ကြုံနေရသည်ဟု ယာဉ်မောင်းအချို့က ဆက်ပြောသည်။
ယာဉ်မောင်း တစ်ဦးက “ဘယ်လောက်ပိတ်ပိတ် ရွာလမ်းတွေတော့ ရှိတာပဲ။ ပထမလမ်းဆို ဖောင်ဆိပ် ဖြတ် ရတယ်။ ဒုတိယလမ်းဆို တောလမ်းတစ်ကွက် ဖြတ်တာတင် ၅ နာရီကြာတယ်။ တတိယလမ်းကတော့ တော် တော်လေး စောနိုင်မှရမယ်။ ကားလည်း နာတယ်။ ကားအမြင့်ပဲ ရတယ်” ဟု ပြောသည်။
သို့ဖြစ်၍ ယခင်လမ်းများထက် လမ်းခရီး အခြေအနေအရ ခန့်မှန်းခြေ တစ်ရက်ဝန်းကျင်ခန့် ပိုကြာမြင့်ခြင်း၊ ဖောင်ကူးခနှင့် ထွန်စက်ခများ ပိုပေးရခြင်းကြောင့် ကုန်ကျစရိတ်များပြားခြင်း၊ ခရီးသည်များအနေဖြင့် ကားခ များ ဈေးတက်လာခြင်း စသည့်အခက်အခဲများ ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ထို့အပြင် လမ်းခရီးတစ်လျှောက်တွင် တောလမ်းအများစု ဖြစ်တာကြောင့် ကားအပိုပစ္စည်း၊ စားနပ်ရိက္ခာ၊ ဆေး ပစ္စည်းနှင့် လမ်းခရီး အခြေအနေအရ ညအိပ်ညနေအတွက် စောင်များလည်း လိုအပ်သည်ဟု ခရီးသည်များက ဆိုကြသည်။
ပြီးခဲ့သည့် အောက်တိုဘာလက တစ်လလုံးနီးပါး လမ်းခရီး အခြေအနေ ဆိုးရွားခဲ့သည့် နမ့်လန် – ကျောက်ဂူ လမ်းပိုင်းကိုမူ ပြင်ဆင်မှုများ ပြီးဆုံးပြီဖြစ်၍ နိုဝင်ဘာလ ၁၂ ရက်နေ့ကတည်းက သွားလာနိုင်ပြီဟု ယာဉ်မောင်း များက ပြောသည်။