စစ်ကြောင်းမိုင်းဆွဲခံရပြီးနောက် ရွာသားများအား ဖမ်းဆီး စစ်ဆေး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။
ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရပြီးနောက် ရွာသား များကို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ရွာသားများက ပြောသည်။
ခမောက်ကြီးတပ်နယ်မှ ထွက်ခွာလာသည့် အင်အား ၈ဝ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း အောင်ချမ်းသာကျေးရွာ အနီး အရောက်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပြီးနောက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
မိုင်းဆွဲတိုက်ခိုက်မှုကို ကော့သောင်းမြို့နယ် – ပကဖ အဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အတွင်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မိုင်းဆွဲခံရခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၁ဝ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပကဖ အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
ကော့သောင်းမြို့နယ် – ပကဖ အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက “စစ်ကြောင်းက မိုင်းထောင်ထားတဲ့ နေရာမှာ လာနားကြတာ။ အဲဒီမှာ ပြင်းအားကောင်းတဲ့ မိုင်းတစ်လုံးကို ဆွဲလိုက်တာပါ၊ အထိနာသွားတာပေါ့၊ သေတဲ့သူ ရော ဒဏ်ရာရတဲ့သူတွေပါ အကုန်လုံး ခမောက်ကြီးဘက်ကို ကားနဲ့ပြန်သယ်သွားကြတယ်” ဟု ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေ့၌ပင် အောင်ချမ်းသာကျေးရွာ လမ်းဆုံတွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ကောင်စီတပ်မှ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ရွာသားများက ဆိုသည်။
ဆိပ်ဖူးကျေးရွာဘက်ကို စစ်ကောင်စီတပ်က နောက်တစ်နေ့တွင် စစ်ကြောင်း ဆက်ထိုးခဲ့ပြီး ရွာခံများကို စစ်ဆေး မေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း မြေပြင်ရှိ သတင်းအရင်းအမြစ်များက ပြောသည်။
စစ်ဆေးမှု လုပ်နေစဉ်အတွင်း ဆိပ်ဖူးရွာသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အဆိုပါ ရွာသား ပိုင်ဆိုင်သည့် ကားအဖြူ ရောင် တစ်စီးကိုလည်း သိမ်းဆည်းလိုက်သည်ဟု ရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းက မာရမ်းကျေးရွာကို ခေါ်ဆောင်သွားခဲ့ကာ မာရမ်း ရဲစခန်းတွင် ထိန်းသိမ်းထားပြီး လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ရွာသားတစ်ဦးက ဆိုသည်။
နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ခမောက်ကြီးမြို့၊ ဂေါရင်ချောင်းအတွင်းရှိ နေအိမ် ၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား အယောက် ၂၀ ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားခဲ့သေးသည်။
ဖမ်းဆီးခံရသူများထဲမှ ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၁၀ ဦးကိုမူ ကော့သောင်းမြို့၊ နှစ်မိုင်ရဲစခန်းတွင် လက် ရှိ အချိန်ထိ ဖမ်းဆီးထားဆဲ ဖြစ် သည်။