တနင်္သာရီ မြို့နယ်တိုက်ပွဲအတွင်း ရွာသား တစ်ဦး ကျည်ထိမှန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။ 

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကြား နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ရွာသားတစ်ဦး ကျည်ထိမှန်ခဲ့သည်ဟု ရွာသားများက ပြောသည်။

တိုက်ပွဲအတွင်း လယ်တောင်ယာရွာသား ဖြစ်သူ အသက် ၄၀ အရွယ် ဦးတင်ယု ဆိုသူ၏ ဦးခေါင်းကို သေနတ် ကျည် ရှပ်ထိမှန်သွားခဲ့သည်ဟု ရွာသားများက ပြောသည်။

အသက် ၃၅ နှစ်အရွယ် လယ်တောင်ယာ ရွာသားတစ်ဦးက တိုက်ပွဲက သူ့အိမ်နားမှာ ဖြစ်တာ။ သူက အိမ်ထဲမှာ ရှိနေတော့ ဦးခေါင်းကို ရှပ်ထိသွားတာ၊ ကံကောင်းတယ်လို့ ဆိုရမယ်၊ အခုတော့ မြိတ်ဆေးရုံမှာ ဆေးကုသထား ရတယ် ဟု ပြောသည်။

လယ်တောင်ယာကျေးရွာနှင့် တမုတ်ချုံးကျေးရွာ အကြားတွင် အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်း နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လယ်တောင်ယာကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်နေကြစဥ် ပြည်သူ့ ကာကွယ်ရေး တပ်များက လာရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေသည့် အချိန်တွင် အောက်ကင်းကျေးရွာ အခြေစိုက် ခမရ – ၅၅၇ တပ်ရင်းအတွင်းမှ ဒရုန်းများ ဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများပါ ရှိခဲ့သည်။

စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့်လည်း တမုတ်ချုံးကျေးရွာရှိ နေအိမ်တစ်ဆောင် မီးလောင် ပျက်စီခဲ့သေးကြောင်း ရွာသားများက ဆိုသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် လယ်တောင်ယာကျေးရွာနှင့် တမုတ်ချုံကျေးရွာတို့မှ ရွာသားများ အရေးပေါ် စစ်ရှောင် နေကြရသည်။

လယ်တောင်ယာကျေးရွာနှင့် တမွတ်ချုံးကျေးရွာတို့သည် တနင်္သာရီနှင့် ဘုတ်ပြင်းအကြားရှိ ပြည်ထောင်စု ကားလမ်းမပေါ်၌ တည်ရှိသည့် ကျေးရွာများ ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ လယ်တောင်ယာကျေးရွာတွင် ဆက်လက်ရှိနေပြီး ထိတွေ့ပစ်ခတ်မှု အသံများကိုမူ မကြားရတော့ဘူးဟု ရွာသားများက ပြောသည်။