မြိတ်မြို့နယ်အတွင်း လက်နက်ကြီးကြောင့် ရွာသား တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။ 

မြိတ်မြို့နယ်၊ တုံးဗျောငယ်ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ရွာသား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရွာသားများက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက်၊ ခမရ – ၅၅၆ တပ်ရင်း မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး သားအဖ နှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်ကို ထိမှန်ခဲ့ခြင်း ဖြစ်သည်။

တုံးဗျောငယ်ကျေးရွာအနီး ကားလမ်းမကြီးပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၃၀ အရွယ် သား ဖြစ်သူ ကိုမူတင် ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၅၀ အရွယ် ဖခင်ဖြစ်သူ ဦးမောင်ငယ် မှာမူ တစ်ကိုယ်လုံး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ရွာသားများက ဆိုသည်။

အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက သားဖြစ်တဲ့ သူက ပွဲချင်းပြီး ဆုံးသွားတာ၊ ဆိုင်ကယ်လည်း ရစရာ မရှိအောင် ပျက်စီးသွားတယ်၊ အဖေလုပ်သူမှာလည်း တစ်ကိုယ်လုံး ရစရာ မရှိအောင် ဒဏ်ရာတွေ ရသွားတယ် ဟု ပြောသည်။

ထိခိုက်ဒဏ်ရာများ ရရှိခဲ့သူ ဦးမောင်ငယ် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု မိသား စုနှင့် နီးစပ်သူက ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်က တုံးဗျောကျေးရွာအုပ်စုကို လက်နက်ကြီးများဖြင့် ဆက် တိုက် ပစ်ခတ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်း၊ တုံးဗျောငယ်ကျေးရွာ ဘုရားတောင်ပေါ်နှင့် ဇဝဲအခြေစိုက် ခမရ – ၅၅၆ စခန်းတို့မှ လက်နက်ကြီးများနှင့် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း ရွာသားများက ပြောသည်။

ထို့အပြင် အောက်တိုဘာလ ၉ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာ ကားလမ်းမပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သေးသည်။

လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းကြောင့် အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး မိခင် ဖြစ်သူနှင့် ခရီးသွား အမျိုးသား ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု တမုတ်ချုံးရွာသားများက ဆို သည်။