ဖယ်ခုံမြို့နယ်ထဲက အရပ်သားပြည်သူ ၂၀၀ ခန့်ကို စစ်တပ်က ဖမ်းဆီးပြီး အချို့ကို ပိုက်ဆံနှင့် ပြန်ရွေးခိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာက ကောက်ရိတ်ပြန်လာသည့် အရပ်သား ပြည်သူ အယောက် ၂၀၀ ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးပြီးနောက် အချို့ကို ပိုက်ဆံနှင့် ပြန်ရွေးခိုင်းခဲ့သည်ဟု ဒေသတွင်း သတင်း အရင်းအမြစ်များက ပြောသည်။

ပင်လောင်း – ဖယ်ခုံမြို့နယ်ထဲ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းက  နိုဝင်ဘာလ (၁၃) ရက်နေ့ တွင် အရပ်သား ပြည်သူ ၂၀၀ ခန့်ကို မတရားဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် KNDF က ထုတ်ပြန်ထားသည်။

ထို့နောက် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးထားသည့် ရွာသားများထဲမှ အချို့ကို ပိုက်ဆံနှင့် ပြန်ရွေးခိုင်းခဲ့ သည်။ တစ်ဦး ကျပ်သုံးသောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့စီမှ ပြန်ရွေးယူခဲ့ရသည်ဟု KNDF ဗဟို သတင်းနှင့် ပြန် ကြားရေး တာဝန်ခံ စောတာအယ်စိုးက ပြောသည်။

ဖယ်ခုံမြို့နယ် ပူချယ်ရွာမှာ ကောက်ရိတ်နေတဲ့ ပြည်သူတွေ ၂၀၀ ကျော်ကို စစ်ကောင်စီကနေ ဖမ်းဆီးသွား တယ်ပေါ့နော်။ ဖမ်းဆီးသွားပြီးတော့ ပင်လောင်းမြို့မှာ ဖမ်းထားတယ်။ ကျနော်တို့ နောက်ဆုံးသိထားတဲ့ သတင်း အချက်အလက်အရ ဖမ်းဆီးထားတဲ့သူတွေကို ငွေနဲ့ပြန်လာရွေးခိုင်းတယ်လို့ ပြောပါတယ်။ အဲဒီ ၂၀၀ ကျော်ထဲ က သုံးပုံတစ်ပုံလောက်ကတော့ ဆွေမျိုးသားချင်းတွေက ပြန်လာရွေးသွားတယ်လို့ ပြောပါတယ်ပေါ့ နော်။ တစ်ခြားလူတွေကတော့ ထိန်းသိမ်းခံနေရတုန်းပဲ ရှိသေးတာပေါ့နော်။

ဖမ်းဆီးခံလိုက်ရသည့် ပြည်သူများကို စစ်ကောင်စီက ပင်လောင်းမြို့ အားကာစားရုံထဲတွင် ထိန်းသိမ်းထာခြင်း ဖြစ်သည်။

ပြန်မလွှတ်လာသေးသော သူများအတွက် မိသားစုဝင်များက စိုးရိမ်နေကြပြီး အသေးစိတ် အခြေအနေကိုမး ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်ဟု စောတာအယ်စိုးက ပြောသည်။

ဖမ်းဆီးခဲ့ထားရသည့် သူများထဲ ရွာခံပြည်သူများအပြင် စစ်ဘေးရှောင်များလည်း ပါဝင်နေပြီး စစ်မှုထမ်းအတွက် အတင်းအဓမ္မ စုဆောင်းခံရမည်ကို စိုးရိမ်သည်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့ KNHRG ပြောရေးဆိုခွင့်ရှိသူ ဦးဗညား က ပြောသည်။

ဖယ်ခုံမြို့နယ်ထဲက စစ်ရှောင်တွေလည်း ပါတယ်။ ရွာခံတွေလည်း ပါတယ်။ အဓိကကတော့ ပူချယ်ကျေးရွာ အုပ်စုထဲက ကုန်းဆုံရယ် ကသဲရယ် ရွှေပြည်အေးရယ် အဲဒီရွာတွေက တစ်ချို့ စိုက်ပျိုးရေးပြန်လုပ်တဲ့ လူတွေနဲ့ ရွာမှာရှိနေတဲ့ တစ်ချို့လူတွေကို ဖမ်းသွားတဲ့ ပုံစံမျိုးလည်း ဖြစ်ပါတယ်။ သူတို့ဖမ်းပြီးမှ ပင်လောင်းဘက်ကို ပြန်ပြီး ခေါ်သွားတယ်။ တစ်ချို့တော့လည်း ဆွေမျိုးတွေနဲ့ ချိတ်ရတယ်လို့ ကြားထားပါတယ်။ အသေးစိတ်တွေ ကျား၊ မ တွေကတော့ ပြောရခက်တယ်။ သူတို့အတွက် စိုးရိမ်ချက်ကတော့ အများကြီး ရှိတယ်ပေါ့နော်။ စစ်မှုမထမ်းမနေရ ဆိုတဲ့ အောက်မှာ အတင်းဆွဲသွင်းမှာလည်း ကြောက်တယ်။ အတင်းငွေညှစ်ပြီးမှ ပြန်လွတ်တဲ့ဟာတွေလည်း ဖြစ်မှာကို စိုးရိမ်ပါတယ်။

လက်ရှိတွင် ဖယ်ခုံနှင့် ပင်လောင်းကြားတွင် တိုက်ပွဲများ ငြိမ်သက်နေသည်မှာ ၁၀ ရက်နီးပါးခန့် ရှိလာပြီ ဖြစ် သည်။ တိုက်ပွဲများ ငြိမ်နေသည့်အတွက် ပူချယ်ဒေသခံများက စပါးပြန်ရိတ်ကြချိန်၌ စစ်ကောင်စီ တပ်သားများ က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု စောတာအယ်စိုးက ဆက်ပြောသည်။

အဲဒီ ပူချယ်ဆိုတဲ့ ရွာကတော့ ပင်လောင်းနဲ့ ဖယ်ခုံကြားမှာ ရှိတယ်ပေါ့နော်။ အဲတော့ စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းပေါ်မှာ ရှိတဲ့ ရွာပဲ ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် ပြည်သူတွေကတော့ အခြေအနေပေါ် မူတည် ပြီးမှတော့ တိုက်ပွဲတွေ ငြိမ်သွားရင်တော့ ပြန်ပြီးတော့ စပါးရိတ်တာတွေ ကောက်ရိတ်သိမ်းတာတွေ လုပ်ပါ တယ်။ လတ်တလောတော့ တိုက်ပွဲတွေ မရှိတော့ဘူးပေါ့နော်။

လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီဘက်က စစ်သားအင်အား ၅၀၀ ကနေ ၁၀၀၀ ကြားခန့်ထိ ဖြည့်တင်းမှုများ လုပ်နေသလို ပင်လောင်းနှင့် ဖယ်ခုံ လမ်းပိုင်း တစ်လျှောက်လုံးတွင် ကင်းချ တပ်စွဲ ထားသည်ဟု မြေပြင် စစ်ရေးသတင်း အရင်းအမြစ်က ဆိုသည်။

ဖယ်ခုံမြို့နယ်ထဲ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပင်လောင်း – ဖယ်ခုံကြားရှိ၊ နန့်ဖာမူ၊ ပင် စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်ကျေးရွာတို့နှင့် ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ အိမ်များကို ဖောက်ထွင်း ဖျက်ဆီး ခြင်း၊ ပစ္စည်းများ ယူသွားခြင်း၊ မီးရှို့ခြင်းတို့ကို လုပ်နေသည်ဟု KNDF က ထုတ်ပြန်ထားသည်။