ကုန်းလောကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ကလေး ၇ ဦး အပါအဝင် ၉ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။

ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာထဲက ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း ပေါ် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေး ၇ ဦး အပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ပါတယ်။ 

မိုးမောက်မြို့နယ်ထဲက ကုန်းလောကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းကို နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုထဲ မိသားစုတစ်စု အပါအဝင် စစ်ရှောင်ပြည်သူ ၉ ဦး သေဆုံးခဲ့သည်။

သေဆုံးသွားသူများထဲတွင် ကလေးငယ် ၇ ဦးနှင့် လူကြီး ၂ ဦး ပါဝင်သည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးက ဘုရားကျောင်းရဲ့ နဘေးမှာ ဆောက်လက်စ အဆောင် သုံးထပ် အဆောင်ရှိတယ်။ အဲဒီမှာ စစ်ရှောင်နေတဲ့ ကလေးတွေ ဆော့ကစားနေတဲ့ အချိန် လေယာဉ်သံဆိုပြီးမှ အိမ်ထဲထိ ပြေးဝင်လာတဲ့ အချိန် တံခါးရှေ့ နားမှာ မိုင်းတစ်လုံးကျတာ အဲဒီမှာ ပွဲချင်းပြီး ကလေးတွေက။ ကျနော်တို့ သွား တဲ့အခါ မိုင်းနှစ်လုံး ဟုတ်တယ်။ တစ်ခုက ဘုရားရှိခိုးကျောင်းမှာပေါ့ ထိတယ်။ ကလေးတွေနဲ့ မိသားစု တစ်စု လုံး အဖေရယ် အမေရယ် သူ့ကလေး ၄ ယောက်ရယ် အားလုံးပေါင်း ၆ ယောက် တစ်ခါတည်း ပွဲချင်းပြီး။ အဲဒီ မှာ ဆုံး တယ်၊ မိုင်းထိပြီး ဆုံးတာ ၉ ယောက်၊ ထိခိုက်ဒဏ်ရာရတာက အခုက ၁၀ ဝန်းကျင်း ၁၁ အဲ့လောက် ရှိပါတယ်ဟု ပြောသည်။ 

ဗုံးကြဲမှု ဖြစ်ခဲ့သည့်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ် နှစ်ခါပျံဝဲပြီး ပေါင် ၁၀၀ ဗုံး နှစ်လုံးကြဲချ တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။ ဗုံးကြဲမှုထဲကြောင့် ဘုရားကျောင်းအပြင် နေအိမ်အဆောက်အအုံများလည်း ထိမှန်ပျက်စီးခဲ့ သည်ဟု အခင်းဖြစ်သည့် နေရာ၌ ရှိနေသူများက ပြောသည်။

သွားရောက် ကူညီခဲ့သူ အမျိုးသားတစ်ဦးကကျနော်တို့ရောက်တဲ့ အချိန်မှာကျတော့ ပျက်စီးသွားနေတဲ့ ဘုရားကျောင်းတွေ အဆောက်အအုံတွေ ဒီကလေးတွေရဲ့ သွေးတွေ၊ အသားစတွေ နံရံတွေမှာ ကပ်နေတာတွေ့ တယ်။ ပြီးရင် သူရဲ့အဆောင် လျှောက်လှမ်းပေါ်ပေါ့ အရှေ့မှာတွေ အသားစ ကျန်ရစ်နေတာတွေ တွေ့ရတယ်၊ ဘုရားကျောင်းဝန်းမှာက နေလို့ မရတော့ဘူးလေ။ ထိထားတာက ကြောက်စရာကြီးဟု ပြောသည်။ 

ဘုရားကျောင်းဝင်းထဲ ကလေးများ ဆော့ကစားနေချိန် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသောကြောင့် ကလေး အများအပြား သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု အခင်းဖြစ်သည့် နေရာတွင် ရှိနေသူများက ပြောသည်။ 

လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရသည့် နေရာအပြင် အနီးဝန်းကျင်တွင် တစ်စုံတစ်ရာ တိုက်ပွဲ ဖြစ်ပွားခြင်းမျိုး မရှိဘဲ လေကြောင်းသုံး တိုက်ခိုက်ခံခဲ့ရခြင်းမှာ အရပ်သားများ၊ စစ်ရှောင်များ နေထိုင်ကြသည့် အရပ်သား ပစ်မှတ်ကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သောကြောင့် အဆိုပါ လုပ်ရပ်မှာ စစ်ရာဇဝတ်မှုမြောက် သည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။ 

ကုန်းလောကျေးရွာမှာ မိုးမောက်မြို့နှင့် ၁၈ မိုင်ခန့်ဝေးပြီး မိုးမောက်မြို့နယ်ရှိ ခူးလီကျေးရွာနှင့် နာလိုင်းကျေးရွာ က ပြည်သူများ စစ်ရှောင်နေကြသည့် ကျေးရွာဖြစ်သည်။ အဆိုပါ စစ်ရှောင်များသည် ကုန်းလောကျေးရွာရှိ ယခု ဗုံးကြဲတိုက်ခိုက်ခံရသည့် ဘုရားကျောင်းတွင် စစ်ရှောင်နေကြခြင်း ဖြစ်သည်။

မိုးမောက်မြို့ရှိ ခမရ ၄၃၇ တပ်ရင်းကို ဩဂုတ်လ ၁၉ ရက်နေ့တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ်အနေဖြင့် မြို့ကို ပြန်လည် ရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။