ကျွန်းလှက ကားဝပ်ရှော့တစ်ခု လေကြောင်း ဗုံးကြဲခံရမှုကြောင့် ပျက်စီးမှုများအပြင် လူထိမှန်သေဆုံးမှုရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် ကားဝပ်ရှော့တစ်ခု လေကြောင်းမှ တိုက်ခိုက်ခံရမှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့သည်။
ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ကျေးရွာတွင် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲ အချိန်ခန့်က ကားဝပ် ရှော့တစ်ခုအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး သွားကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“မနေ့က ကင်းထောက်က တောက်လျှောက် ဝင်နေပြီးတော့ ဂျက်ဖိုက်တာနဲ့ လှမ်းပစ်တယ်လို့ ပြောတာပဲ။ ဒီတိုင်းပဲ ဂျက်ဖိုက်တာနဲ့ ပစ်တယ်။ ရွာထဲက ကားဝပ်ရှော့ကို ကျတယ်လို့ ပြောတာ။ ကားဝပ်ရှော့ကတော့ အိမ်ကော ပါမှာပေါ့နော်။ အိမ်ကော မီးလောင်သွားတယ်။ ဘေးနားက အိမ်တစ်အိမ်လည်း မီးလောင် ပျက်စီး သွားတာ။ ပြည်သူတစ်ယောက် အမျိုးသားတစ်ယောက်တော့ ဆုံးတယ်လို့ ကြားတယ်။ လောလောဆယ်တော့ နာမည် အတိအကျတော့ မသိရသေးဘူး။”
ကားဝပ်ရှော့ထဲက ကားများအပြင် လူနေအိမ်သုံးလုံး ပျက်စီးသွားပြီး ယခုဗုံးကြဲခံရသည့် ကျွန်းလှမြို့၏ အနောက်ဘက်ခြမ်း ဒေသသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲနေသည်ဟု ဆိုသည်။
ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက “တိုက်ပွဲက မရှိပါဘူး။ ဒီတိုင်း ဆက်တိုက် ကြီးကို ကြဲနေတာ။ ဒီကြားထဲမှာ ဘာထိတွေ့မှု တိုက်ပွဲမှ မရှိပါဘူး။ ကျွန်းလှအနောက်ခြမ်းဆို စစ်ရေးဘာမှကို မရှိဘူး။ ဒီတိုင်းပဲ ကြဲနေတာ။ ဒါတောင် နှစ်ရက် ဆက်တိုက်ရှိနေပြီး လေကြောင်းကနေ ဗုံးကြဲနေတာကတော့” ဟု ပြောသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ကျွန်းလှမြို့နယ် အနောက်ဘက်ခြမ်းရှိ ရွာကုန်းကြီးကျေးရွာအား စစ် ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့သောကြောင့် လူနေအိမ်အချို့ မီးလောင်ပျက်စီး သွားခဲ့သည်။
ကန့်ဘလူခရိုင်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ လေယာဉ်အပြင် ဒရုန်းဖြင့်ပါ ဗုံးကြဲမှုများနှင့် မြေပြင်မှ စစ်ကြောင်းထိုးမှုများ ရှိနေပြီး ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများလည်း လုပ်နေသည်ဟု ဒေသတွင်း စစ်ရှောင်ပြည်သူများကို အကူအညီပေးနေသူများက ပြောသည်။
ထိုသို့သော စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေမှုများကြောင့် ကန့်ဘလူခရိုင်ထဲက ဒေသခံပြည်သူ အယောက် ၈,၀၀၀ ခန့်မှာ စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်ဟု ဆိုသည်။