မင်းတပ်နှင့် ဖလမ်းတွင် တိုက်ပွဲ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။ 

ချင်းပြည်၊ မင်းတပ်နှင့် ဖလမ်းမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်‌ရေး တပ်ဖွဲ့တို့ အကြား တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေသည်ဟု ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မင်းတပ်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၉ ရက်မြောက်ရှိပြီဖြစ်သည်ဟု ချင်းညီနောင် ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းယောမာန်က ပြောသည်။

မင်းတပ်မှာတော့ စကစနဲ့ ဒီ CDF-Mindat မဟာမိတ် အဖွဲ့တွေပေါ့နော်။ ချင်းညီနောင်ပေါ့လေ ချင်းညီနောင် အဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့ စကစနဲ့ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်ကောင်စီကလည်း လေယာဉ် နဲ့ ဗုံးကြဲတာတွေ နေ့တိုင်းပဲ မနက် နေ့လည် ညလည်းရှိပါတယ်။ စစ်ကောင်စီကလည်း တစ်ချို့နေရာတွေမှာ ထွက် ထွက်လာပြီးမှ မီးရှို့သွားတာတွေ ရှိနေပါတယ်ဗျ ဟု ပြောသည်။

မင်းတပ်မြို့ တိုက်ပွဲ ၉ ရက်မြောက် ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်က ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်၍ မင်းတပ်မြို့ ရဲစခန်းရှေ့ ခေါနူးရိပ်သာ အနီးတစ်ဝိုက်၊ ဆောက်လုပ်ရေးလမ်းခွဲ ကားလမ်းမဘေး နှင့် ဆောက်လုပ် ရေးဝင်းအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။ 

အဆိုပါ မီးရှို့ဖျက်ဆီးမှုထဲ အရပ်သား နေအိမ် ၁၀ လုံးထက် မနည်း မီးလောင်ပျက်စီးခဲ့သည် ဟု ဒေသခံများနှင့် နီးစပ်သည့် မြေပြင် စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။ 

ယခုဖြစ်ပွားနေသည့် တိုက်ပွဲတွင်း စစ်ကောင်စီ တပ်သားများဦးရေ မည်မျှရှိသည်ကို မသိရသော်လည်း ဗျူဟာမှူး အဆင့်ရှိသူက ဦးဆောင်ခုခံနေသည်ဟု ဆလိုင်းယောမာန်က ဆက်ပြောသည်။

မင်းတပ်မြို့ပေါ်မှာ ရှိတဲ့ စစ်ကောင်စီ ဦးရေတော့ အတိကျမသိရဘူးဗျ။ တစ်ခုရှိတာက မင်းတပ်မြို့ပေါ်မှာ ခလရ ၂၇၄ ရှိတယ်။ ဒါပေမယ့် ဒီအာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဗိုလ်မှူးကြီးတစ်ဦးက နေလာပြီးမှ ဦး ဆောင်နေတယ်။ ဆိုတော့ ဗျူဟာမှူးအဆင့် ရှိတယ်ပေါ့နော်။ ကျန်တဲ့ တိုက်ပွဲ အသေးစိတ်ကိုတော့ ထိခိုက် ဒဏ်ရာတွေ ဘာညာပေါ့။ အောင်ပွဲတွေကစ ချင်းညီနောင်ကနေ တစ်ဆင့် ထုတ်ပြန်သွားမှာပါ။

စစ်ကောင်စီသည် မင်းတပ်မြို့ရှိ ခလရ (၂၇၄) တပ်ရင်းသို့ လေယာဉ်ဖြင့် လက်နက်ခဲယမ်း ရိက္ခာများ ဖြည့်တင်း လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အတူ ဖလမ်းမြို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လက်ရှိဖြစ်ပွားနေသော မင်းတပ်နှင့် ဖလမ်းမြို့ တိုက်ပွဲများသည် Operation – CB ချင်းညီနောင်မှ ဖော်ဆောင်သော တိုက်ပွဲဖြစ်သည်။

ဆလိုင်းယောမာန်က မင်းတပ်ရော ဖလမ်းရောက ချင်းညီနောင်တွေပါ၊ ဆိုတော့ ညီနောင် OperationOperation-CB ပါပဲ ညီနောင်အဖွဲ့ဝင်တွေ အကုန်လုံးက ချိန်ကိုက် တိုင်ပင်ပြီးမှ တိုက်ပွဲဖော်ဆောင်ကြတာပါ။ ဖလမ်းမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ တောက်လျောက် တိုက်ပွဲတွေ ဖြစ်နေတယ် လေကြောင်း တိုက်ခိုက် မှုတွေ ရှိနေတယ် ဟု ပြောသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ မှ စတင်ကာ ဖလမ်းမြို့တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ဖလမ်းမြို့ အား စစ်ကောင်စီမှ လေကြောင်းသုံး တိုက်ခိုက်နေသည်။

ထို့အပြင် ကလေးမြို့ဘက်မှ ဖလမ်းမြို့သို့ နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ကာ တာဝေးပစ် လက်နက်ကြီးများနှင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲများကြောင့် ဖလမ်းမြို့ ဒေသခံများ မြို့လုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေကြရပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဘူးဟု ဆိုကြသည်။

ချင်းညီနောင် အဖွဲ့ဝင်များ ဖြစ်သည့် ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF)၊ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ PDF ဇိုလဲန်း၊ CDF မတူပီ တပ်မဟာ(၁)၊ MDF မာရာ ကာကွယ်ရေးတပ်တို့သည် ချင်းညီနောင် အဖြစ် စုဖွဲ့မှုပြုလုပ်ကာ အာရက္ခတပ်တော် (AA) နှင့် အတူ ပူးပေါင်း၍ စစ်ရေး ဖော်ဆောင်နေခြင်း ဖြစ်သည်။