စစ်မှုထမ်း သင်တန်းဆင်းတစ်ဦး လက်နက်နှင့်တကွဘက်ပြောင်း ခိုလှုံ။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။

တနင်္သာရီတိုင်း ထားဝယ်မြို့ အခြေစိုက် အမှတ် (၂၅) ခြေလျင်တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း တစ်ဦး လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာသည်ဟု ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော် DNLA က ထုတ်ပြန် ထားသည်။

ဘက်ပြောင်းခိုလှုံလာသူမှာ ဧရာဝတီတိုင်း ဒေသကြီး ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုဖိုးထွေးဆိုသူ ဖြစ်ပြီး၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က လက်နက်ခဲယမ်းများနှင့်အတူ DNLA ထံဆက်သွယ်ခဲ့ပြီး အလင်းဝင်ရောက် ခိုလှုံခဲ့ခြင်းဖြစ်သည်။ 

ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော်၏ ပြန်ကြားရေး တာဝန်ရှိသူက “နေပြည်တော်မှာ စစ်မှုထမ်း သင်တန်း တက်ပြီးတာနဲ့ ထားဝယ် ခလရ ၂၅ တပ်ရင်းကို ပို့ခံရတာ၊ ရှေ့တန်းကနေ အလင်းဝင်လာတာပေါ့” ဟု ပြောသည်။

ကိုဖိုးထွေးနှင့် အတူ MA (၁) လက်၊ ကျည်ဘောက် (၃) ခု၊ ကျည် ၁၂၀ တောင့်၊ ဓါးမြှောင် (၁) ချောင်းနှင့် စစ်ယူနီဖောင်း အပြည့်အစုံ ယူလာကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ဓဝယ်အမျိုးသား လွတ်မြောက်‌ရေး တပ်တော်ဘက်မှ ဘက်ပြောင်းခိုလှုံလာသူကို ငွေကျပ် သိန်း ၅၀ ချီးမြှင့် ပေးခဲ့ပြီး ၎င်း၏ ဆန္ဒအတိုင်း ပြည်ပ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ကိုဖိုးထွေးသည် ဓဝယ်အမျိုးသား လွတ်မြောက်‌ရေး တပ်တော်ဆီသို့ ပထမဆုံး အလင်းဝင်လာသူ ဖြစ်သည်။

စစ်ကောင်စီတပ်ထံမှ နောက်ထပ် ဘက်ပြောင်းခိုလှုံလိုသည့် မည်သူ့ကိုမဆို ကြိုဆိုလျှက်ရှိကြောင်းကိုလည်း ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA) က အသိပေးဖေါ်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းကလည်း ထားဝယ်နှင့် သရက်ချောင်း မြို့နယ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး မှာ ဒေါနစစ်ကြောင်း၊ ထားဝယ် ပြည်သူ့ လွတ်မြောက်ရေးတပ်နှင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် ထားဝယ် ခရိုင် အမှတ် (၂) တပ်ရင်းများဆီတွင် လက်နက်နှင့်တကွ ဘက်ပြောင်း ခိုလှုံခဲ့ကြသေးသည်။

ဘက်ပြောင်း ခိုလှုံလာသူ ကိုးဦးအထဲမှ ခြောက်ဦးမှာ စစ်မှုထမ်း သင်တန်းဆင်းထားသည့် သူများ ဖြစ်ကြသည်။