ကံပေါက်ဒေသရှိ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ် စစ်ကြောင်းထိုးနေ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စုတွင်း ရှိနေသည့် ရေကန်တောင်ပေါ်က စစ်ကောင်စီ တပ်စခန်း တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်တပ်မှ စစ်ကြောင်းထိုးမှုများ ဆက်တိုက်လုပ်နေသည်ဟု ရွာသားများက ပြောသည်။
ကံပေါက်ကျေးရွာ အုပ်စုအတွင်းရှိ ကံပေါက်ကျေးရွာနှင့် ဖားချောင်းကျေးရွာအကြားရှိ ရေကန်တောင်ပေါ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီစခန်း ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၄ နာရီခွဲ အချိန်ခန့်က အလစ်ငိုက် ချောင်းမြောင်း တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာတွင် စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ ခန့်ဖြင့် ခွေးမဖောကျေးရွာ ဘက်မှ ရေကန်တောင်တက်လမ်းဘက်သို့ စစ်ကြောင်းထိုးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နံနက် ၄ နာရီခွဲမှ နံနက် ၈ နာရီခွဲအချိန်ခန့်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
အသက် ၄၀ခန့်အရွယ် ရွာသားတစ်ဦးက “ထမင်းဟင်းတည်ချက်တဲ့ အချိန်ထိအောင် လက်နက်ကြီးတွေနဲ့ ပစ်နေတာကြောင့် ထားဝယ်သွားတဲ့ ကားတွေလည်း လှည့်ပြန်လာကြရတယ်” ဟု ပြောသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းကလည်း ဖားချောင်းကျေးရွာအပြင်ဘက်တွင် လက်နက်ကြီးကျည် နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့သေးသည်ဟု ရွာသားများက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီ၏ လက်နက်ကြီးရန်ကို ကြောက်လန့်ပြီး ဖားချောင်းကျေးရွာသား အချို့ စစ်ရှောင် နေကြရသည်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း မောရဝတီ ရေတပ်စခန်း ဌာနချုပ်မှလည်း လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ် ခဲ့သည်။
တိုက်ပွဲဖြစ်ပြီးနောက် ကံပေါက်တိုက်နယ်နှင့် ပြည်ထောင်စု ကားလမ်းမကြီးကို ချိတ်ဆက်ထားသည့် ကလိန် အောင် – ကံပေါက်လမ်းနှင့် နဘုလယ်တိုက်နယ် ဘက်သို့သွားသည့် ဇာဒီလမ်းကို စစ်ကောင်စီတပ်က ပိတ်ထား လိုက် သည်ဟု ကားသမားများကပြောသည်။
ရေကန်တောင်ပေါ်တွင် စစ်ကောင်စီ၏ ရေတပ်နှင့် ကုန်းပေါ်ရှိ တပ်များအကြား အဆက်အသွယ် ရအောင် လုပ်ထားသည့် ဆက်သွယ်ရေးစက်များနှင့် တာဝါတိုင်စက်ခန်းများ ရှိနေသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေကန်တောင်သည် တောင်ပေါ်တွင် တစ်ဖက်ပိတ် ဆည်ကန် ပြုလုပ်ထားပြီး ဆည်မှ ရေ များကို ဒယ်ကိုမိုင်း သတ္တုလုပ်ငန်းနှင့် ရပ်ရွာရေပေးဝေရေးအတွက် သုံးစွဲကြသည်။