ရေးတွင် စစ်ကောင်စီက အိမ်နှင့် ဆိုင်ခန်းများ ဖျက်ခိုင်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။ 

မွန်ပြည်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကို အကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ လူနေအိမ် များနှင့် ဆိုင်ခန်းများကို ဖျက်ခိုင်းနေသည်ဟု ဒေသခံများနှင့် လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများ က ပြောသည်။

ရေးမြို့ရှိ ရာဇာဓိရာဇ်လမ်းနှင့် တနင်္သာရီ လမ်းမကြီးတစ်လျှောက်ရှိ ဆိုင်များအပြင် အောင်မေတ္တာ၊ အောင် မင်္ဂလာ၊ နန္ဒာ၊ ရန်မျိုးအောင်၊ ရန်ကြီးအောင်၊ ခေမာ၊ အဏ္ဏဝါ၊ မာလာနှင့် ဇေယျာရပ်ကွက်များ အပါအဝင် ရပ်ကွက် အသီးသီးရှိ နေအိမ်များနှင့် ဈေးဆိုင် များကို ဖယ်ရှားရန် နိုဝင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

လမ်းမတစ်လျှောက်ရှိ နေအိမ်နှင့် ဆိုင်များမှာ လမ်းမဘေး ထွက်နေသည်ဟု ဆိုကာ စစ်တပ်အမိန့်ဖြင့် ဖျက်ဆီး ဖြိုချခိုင်းနေသည်ဟု ရေးမြို့ ဒေသခံတစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

ရေးမြို့ ဒေသခံတစ်ဦး က အခုနောက်ပိုင်း ဘယ်လောက်ထိ အခြေအနေဆိုးလဲ ဆိုတော့ မြို့ထဲမှာရှိတဲ့ လမ်းမ ဘေးတိုင်းမှာရှိတဲ့ ဈေးဆိုင်တွေကအစ လိုက်ဖြိုခိုင်းတယ်။ ဘာဖြစ်လို့လဲဆို လမ်းမ ထွက်နေလို့ ဆိုပြီးတော့ စစ် တပ်အမိန့်နဲ့ သူတို့ တောက်လျောက် လိုက်ဖြိုခိုင်းတယ်။ အဲ့ဒါမျိုးတွေပါ ကြုံတွေ့လာရတယ်။ ပြီး တစ်ချို့ လူ တွေဆို ကိုယ်နေထိုင်တဲ့ နေအိမ်ကိုတောင် ဖျက်ပေးရတယ်။ သူတို့ ဖြိုခိုင်းရင် တောက်လျှောက် လိုက်ဖြို ပေး ရတယ်။ ကရိန်းကြီးတွေ ဘက်ဖိုးကြီးတွေနဲ့ လာဖြိုတယ်။ အဲ့လိုမျိုးတွေ။ သူတို့ တစ်အား ခြိမ်းခြောက်တယ် ကွာ။ အဲ့ဒီပုံစံမျိုးတွေ ဆက်လုပ်လာတယ်။ တော်တော်ဆိုးတယ် ရေးမြို့မှာ အခုထိပဲ ဟု ပြောသည်။

ဖျက်ဆီးခံလိုက်သည့် ဒေသခံများ၏ အိမ်နှင့် ဈေးဆိုင်များသည် အများပိုင် လမ်းမကြီးပေါ်သို့ ကျူးကျော် ရောက်ရှိနေခြင်းကြောင့် မဟုတ်ဘဲ စစ်ကောင်စီမှ မတရားဖျက်ဆီးခိုင်းခြင်း ဖြစ်သည်ဟု ရေးမြို့ ဒေသခံက ဆိုသည်။

အဆိုပါ နေအိမ်များနှင့် ဆိုင်ခန်းများသည် ကျူးကျော်တည်ဆောက်ထားခြင်းမျိုး မဟုတ်ဘဲ ယခင် အဆက် ဆက်က ဘိုးဘွားပိုင်မြေနေရာများပေါ်ရှိ နေအိမ်များနှင့် ဆိုင်ခန်းများဖြစ်သည်ဟု ပြောသည်။

အလားတူ မြို့တော် မော်လမြိုင်ရှိ လေယာဉ်ကွင်း အနီးအနားဝန်းကျင်က ဒေသခံများ ပိုင်ဆိုင်သည့် နေအိမ်နှင့် ဆိုင်များကို လုံခြုံရေး အကြောင်းပြကာ ဖျက်ခိုင်းနေသည် ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

နိုင်အဲမွန်က ဒါဒုတိယ အကြိမ်လောက် ဖြစ်မယ်။ ပထမအကြိမ်က မော်လမြိုင်ဘက်မှာ‌ လေယာဉ်ကွင်းနားက ဈေးဆိုင်တွေလေ။ ဈေးဆိုင်တွေ နောက် လက်ဖက်ရည်ဆိုင်တွေကို လုံခြုံရေးအရ ဆိုပြီးတော့လေ။ လေယာဉ် ကွင်းနဲ့ နီးတယ် ဆိုပြီးတော့လေ။ တကယ့်တကယ်က သူ့နေရာမှာ သူရှိနေတယ်။ လေယာဉ်ကွင်းရဲ့ လမ်း တစ် ဖက်မှာ။ အရင်တုန်းက ဒါတွေက ရှိခဲ့တယ်လေ။ အခုနေမှ ဒီနေရာက စီမံရာနေရာ လမ်းနယ်နိမိတ်နဲ့ မလွှတ် ဘူးဆိုပြီးတော့ သိမ်းတာ။ အတင်းဖျက်ခိုင်းတာပေါ့နော်။ ဆိုင်ခန်းပေါင်း  ၅၀ လောက် ရှိတယ်။ အတင်းဖျက် ခိုင်းတာ ဆိုတော့ ဖျက်ရတော့မှာပေါ့ ဟု ပြောသည်။

စစ်ကောင်စီက မွန်ပြည်အတွင်းရှိ မော်လမြိုင်မြို့နှင့် ရေးမြို့က ပြည်သူများ၏ နေအိမ်များနှင့် ဆိုင်ခန်းများကို ဖျက်ဆီးနေသည့် အပေါ် နိုင်အဲမွန်က ယခုကဲ့သို ပြောသည်။

သူတို့ သွားလာ လှုပ်ရှားမှုတွေကို လက်ဖက်ရည်ဆိုင်တွေမှာ လေ့လာစောင့်ကြည့်လို့ မရအောင်ဆိုတဲ့ လုံခြုံရေး အယူအဆတွေ ထင်တယ်။ အဲ့လိုမျိုးပေါ့နော်။ သေချာကြည့်ပြီး သူတို့ဖျက်တာတို့ ဖိနှိပ်တာတို့ သူတို့လုပ်တာ ဒီမှာလည်း ထိုနည်း၎င်းပဲ လုံခြုံရေးအရ ဖြစ်နိုင်သလို သက်သက်ကို အနိုင်ကျင့်ပြီးတော့ ဖျက်ခိုင်းတာလည်း ဖြစ်နိုင်တယ်။ သေချာတာတော့ ဖျက်ရမယ်။ ဖျက်ရမယ်ဆိုတော့ တစ်ချို့က ဖျက်နေကြပါပြီ။” 

ရေးမြို့တွင် ဖျက်ဆီးခံလိုက်ရသည့် ဒေသခံများ၏ နေအိမ်၊ ဈေးဆိုင်များအတွက် လက်ရှိအချိန်ထိ စစ်ကောင်စီ ဘက်မှ နစ်နာကြေး၊ လျော်ကြေးငွေ တစ်စုံတစ်ရာ ပေးခြင်းမျိုး မရှိသေးဘူးဟု မြေပြင်တွင် အချက်အလက် အလက် ကောက်ယူနေသည့် (HURFOM) အဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

အဆိုပါ နေအိမ်များနှင့် စျေးဆိုင်များကို ဒီဇင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား ဖျက်ပေးကြရန် စစ်ကောင်စီက အမိန့်ထုတ်ထားရာ ဒေသခံအချို့က စိုးရိမ်ပြီး ဖြိုချနေကြပြီး အများစုမှာမူ ယနေ့အချိန်ထိ စောင့်ကြည့်နေကြဆဲ ဖြစ်သည်။