တပ်ဖွဲ့ဝင် ၅ ဦးကို ပအိုဝ်း ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်သည်ဟု PNLA ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) မှ တပ်ဖွဲ့ဝင် ၅ ဦး နှိပ်စက်သတ်ဖြတ် ခံရသည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း PNLA တပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံရပြီးနောက် ဇန္နဝါရီ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် ပအိုဝ်းပြည်သူ့စစ် (PNA)က နှိပ်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
PNLA စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ဒီလိုမျိုး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို သတ်ဖြတ်တယ်၊ နှိပ်စက်တယ် ဆိုတာက စစ်ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့လည်း မကိုက်ညီဘူးပေါ့။ လုပ်လို့မရဘူး။ နိုင်ငံ တကာ စစ်သုံ့ပန်း ဥပဒေနဲ့လည်း မကိုက်ညီဘူး လုပ်လို့မရဘူး။ ဒါကတော့ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်ပါတယ်” ဟု ပြော သည်။
PNLA နှင့် စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်တို့ အကြား ဇန္နဝါရီလ ၁၂ ရက်နေ့၌ တစ်နေကုန်နီးပါး တိုက်ပွဲ ဖြစ် ပွားခဲ့ရာ PNLA တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ပြီးနောက် ၅ ဦးမှာ ဖမ်းဆီးခံခဲ့ရသည်ဟု မြေပြင်အရင်းအမြစ်များ က ဆိုသည်။
အဆိုပါ တပ်ဖွဲ့ဝင် ၅ ဦးအား PNA က ဇန္နဝါရီလ ၁၂ ရက်နေ့၊ ညပိုင်းတွင် ညှဉ်းပန်းနှိပ်စက်ခံထားသည့် ဓါတ်ပုံ များအား ထုတ်ပြန်ခဲ့ပြီးနောက် နောက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် သတ်ဖြတ်ထားသည့် ဓါတ်ပုံများအား ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ခွန်ရိန်းယံက “PNO မှာ ဦးဆောင်နေတဲ့ လူတွေအနေနဲ့ ကိုယ့်လုပ်ရပ် ကိုယ် ပြန်ပြီးတော့ စဉ်းစား သုံးသပ် ကြည့်ကြပါ။ စစ်ကောင်စီရဲ့ အကျိုးအတွက်၊ စစ်အာဏာရှင်အတွက် ကိုယ့်လူမျိုး အချင်းချင်းကို ဒီလိုမျိုး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာက လုပ်ရက်ကြသလား။ ကိုယ့်လူမျိုးအချင်းချင်း နှိပ်စက်ရတာ ပျော်နေ ကြသလားပေါ့” ဟု ဆက်ပြောသည်။
ဆီဆိုင်တိုက်ပွဲ စတင်သည့် ၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်နေ့ စ၍ ယနေ့အချိန်ထိ PNLA မှ စစ်ကောင်စီနှင့် PNO တပ်ဖွဲ့ဝင်များအား ဖမ်းဆီးရမိသည့် ဖြစ်စဉ်များ ရှိခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ နှိပ်စက်ခြင်း၊ သတ် ဖြတ်ခြင်း မရှိဘဲ လူ့အခွင့်ရေးနှင့်အညီ ထိန်းသိမ်းထားသည်ဟု PNLA ဗဟို တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ထီစုံကျေးရွာအနီး ဖြစ်ပွားခဲ့သည့် ဇန္နဝါရီလ ၁၂ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖက်မှ စစ်ကြောင်းမှူး တစ်ဦးအပါအဝင် ၂၀ ကျော် သေဆုံးခဲ့သည်ဟုလည်း မြေပြင်အရင်းအမြစ်များက ပြောသည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးရွာသို့ နေရပ် အလည်ပြန်လာသည့် PNLA တပ်ဖွဲ့ဝင် ၅ ဦးအား PNA က ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးသည်။